06:06
ဗမာ ဆိုတဲ့ အသုံးအနှုန်း
"---ဗိုလ်ချုပ်နေဝင်းရဲ့ ဒီအမွေကို သူ့ရဲ့လက်ရင်း တပည့်လို့ ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ ခုနှစ်မှာ အသုံးပြုခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးအားလုံး အပါအဝင်ဖြစ်တဲ့ နိုင်ငံကို မြန်မာလို့ သုံးရမယ်၊ ပြည်မက လူမျိုးကို ဗမာလို့ သုံးရမယ် ဆိုပြီးတော့ အဓိပ္ပာယ်ပြောင်းပြန် သတ်မှတ်ပြီးတော့ သုံးစွဲဖို့ အမိန့် ထုတ်ပြန်ခဲ့တာ---"
နေ့စဉ်ပြောဆို သုံးနှုန်းနေတဲ့ စကားလုံးတွေထဲမှာ အနက်အဓိပ္ပာယ် မထင်ရှားတာ၊ အသိရခက်ခဲ နက်နဲတာတွေ၊ ဝိဝါဒ ကွဲပြား အငြင်းပွားစရာတွေ အများအပြားရှိကြတဲ့အနက် အလွန်အရေးကြီးတဲ့ အငြင်းပွားစရာ စကားလုံးတလုံး အကြောင်းကို ဒီကနေ့ ပြောကြရအောင်ပါ။
ကဲ … ပထမဆုံးတော့ သမိုင်းဝင် တေးသီချင်းတပုဒ်ကို နားဆင်ကြည့်ကြပါစို့။
နောင်ဥဒါန်း ××× ဘယ်မပြေစရာ ××× ရာဇဝင်တင်ထား ××× မျိုးရိုးနွယ်သာ ××× ကမ္ဘာတခွင်မှာဖြင့် ××× ဗမာထင်ရှား ××× ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား ဒို့ဗဗာ - ဒို့ဗမာ ××× မဟုတ်လေသလား ××× (ဒို့ဗမာ - ငါတို့ ဗမာ)၂ ×× (ဒါ - ငါတို့ဗမာ) ၂
နယ်ချဲ့တော်လှန်ရေးကို ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ သမိုင်းဝင် အမျိုးသားရေး လှုံ့ဆော် တေးသီချင်းကြီးပါ။ ဒီသီချင်းမှာ ဆိုသွားတဲ့ ဒို့ဗမာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့ အများစု လူမျိုးတမျိုးတည်းကို ပြောတာလား။ ဒါမှမဟုတ် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း အပါအဝင် နိုင်ငံတခုလုံး အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးကို ဆိုလိုတာပါလား။ သောတရှင်တို့ ဘယ်လိုထင်ပါသလဲ။
ဒို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ဒို့မြန်မာ အစည်းအရုံး လို့ မခေါ်ဘဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလဲ ဆိုတာကို ရှင်းလင်း ဖွင့်ဆိုထားပါတယ်။ မြန်မာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့လူမျိုးကိုသာ ခေါ်တာ ဖြစ်တယ်၊ မြန်မာပဒေသရာဇ်တွေ ပေးထားတဲ့နာမည် ဖြစ်တယ်၊ လူမျိုးကြီးဝါဒသဘော ပါဝင်တယ်၊ ဒါ့ကြောင့် လူမျိုးအားလုံး၊ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်းအပိုင်အဖြစ် သုံးနှုန်းတာဟာ မမှန်ကန်ဘူး၊ လူမျိုးအားလုံး အကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံ လို့ ခေါ်မှသာ ညီညွတ်မှန်ကန်မယ် လို့ အတိအလင်း ဖွင့်ဆိုထားခဲ့ပါတယ်။
ကဲ … ဒီတော့ … ပညာရှင်တွေကရော ဘယ်လိုမြင်ပါသလဲ။ ဘာသာဗေဒပညာရှင် ဆရာ မောင်သာနိုးရဲ့ အမြင်ကတော့ …
“ဗမာက မူလဗျ၊ ဗြဟ္မာ က လာတာကိုး။ ဗထက်ချိုက် ဟရစ် ဟ မ ဆင့်၊ ဗြဟ္မာ က လာတာကိုး။ ဗြဟ္မာ ကနေပြီးတော့ ဗမာ ဖြစ်သွားတာ။ အဲဒါကိုမှထပ်ပြီးတော့ ဗမာ ကို ဗထက်ချိုက်နဲ့ မ နဲ့ ပြောင်းပြီးတော့ မြန်မာ ဖြစ်သွားတာ။ အဲတော့ မြန်မာက ဒုတိယ၊ ဗြဟ္မာ ဆိုတဲ့ ဗမာက အဓိက ပင်မ ဖြစ်တယ်။ အဲလိုယူဆပါတယ်၊ ပညာရှိတွေ ယူဆကြတယ်။ အဲဒီ ဗမာနဲ့ မြန်မာ မှာက အင်္ဂလိပ်ခေတ်က ဝံသာနုခေတ်က ဒို့ဗမာအစည်းအရုံးခေတ်က သူတို့က ဗထက်ချိုက် မ ရေးချ မာကို ချင်းကော၊ ကချင်ကော၊ ကရင်ကော၊ မြန်မာကော အားလုံးအတွက် သတ်မှတ်တယ်။ မြန်မာကိုတော့ မြန်မာလူမျိုး (ကျနော်တို့၊ ခင်ဗျားတို့ပေါ့လေ) အတွက်ပဲ သတ်မှတ်တယ်။ အဲဒီလို အယူအဆရှိတယ်လို့ ကျနော့်ကို တလောဆီက သေဆုံးသွားတဲ့ ရေနံချောင်း သခင် ခင်ညွန့်က ပြောဖူးတယ်ဗျ။ အခု ပြောင်းပြန်ဖြစ်နေပြီ တဲ့ မြန်မာက ကချင်ရော၊ ကရင်ရော၊ ရှမ်းကောကို ခေါ်တာ။ ဗမာကမှ ဒီလူမျိုးလေးကို ခေါ်တာလို့ ဖြစ်နေတယ်။ ဒါဟာ ငါတို့ ဝံသာနုခေတ်ကဟာနဲ့ ပြောင်းပြန်လို့ သခင် ခင်ညွန့်က ပြောတယ်ဗျ။ ဒီခေတ်ကျမှ ဘယ်လိုလုပ်ပြီးတော့ ပြောင်းပြန်ဖြစ်သွားသလဲ မသိဘူး”
ဒါတွေကို ပြောင်းပြန် လှန်ပစ်သူအဖြစ် အများ နားလည်ထားကြတာကတော့ သွားလေသူ ဗိုလ်ချုပ်နေဝင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဗမာစာ ဗမာစကားမှာ ဝင်ရောက်စွက်ဖက် ပါဝင်မှုတွေအနက်က တခု ဖြစ်ပါတယ်။
ဗိုလ်ချုပ်နေဝင်းရဲ့ ဒီအမွေကို သူ့ရဲ့လက်ရင်း တပည့်လို့ ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ ခုနှစ်မှာ အသုံးပြုခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးအားလုံး အပါအဝင်ဖြစ်တဲ့ နိုင်ငံကို မြန်မာလို့ သုံးရမယ်၊ ပြည်မက လူမျိုးကို ဗမာလို့ သုံးရမယ် ဆိုပြီးတော့ အဓိပ္ပာယ်ပြောင်းပြန် သတ်မှတ်ပြီးတော့ သုံးစွဲဖို့ အမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်ကို လူမျိုးစု တစုတည်းရဲ့အဖွဲ့ အဖြစ် သေးသိမ်အောင် လုပ်ပြီး ကျောင်းသားတွေကိုလည်း သဘောထား ကွဲလွဲမှုဖြစ်အောင် သွေးခွဲခဲ့တဲ့ လုပ်ရပ်အဖြစ် အဲဒီအချိန်က လူသိများခဲ့ပါတယ်။
(ဦးသာနိုး အသံ) “ကျနော်ကတော့ ဒို့ဗမာအစည်းအရုံးကို ထောက်ခံတယ်၊ စာပေရေးအရတော့ ထောက်ခံတယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ ခုနပြောသလိုပဲ ဗမာဆိုတဲ့ ဗထက်ချိုက် မာ က ဗြဟ္မာ က လာတာ။ ဗြဟ္မာ ဆိုတာက ပါဠိပေါ့ဗျာ။ အိန္ဒိယမှာလည်း ခုထက်ထိပဲ မြန်မာကို ဗြမ္မာ ခေါ်ကြတာပဲ။ ဗမာစာကို ဘာရမီ လို့ခေါ်တယ်။ မြန်မာစကားဆိုရင် ဘာရမီဘာသာ လို့ ခေါ်တယ်ဗျ။ ဗမာက သာလျှင် တပြည်လုံးကို ခြုံတဲ့အမြင် ဖြစ်တယ်။ မြန်မာက ခင်ဗျားတို့၊ ကျနော်တို့ အပါအဝင် ရန်ကုန်၊ မန္တလေးက လူတစုကို ခေါ်တာ။ ရှမ်း၊ ကချင် မပါဘူး”
အီလွီနွိုက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာ ဦးစောထွန်းကတော့ ထိုင်းနိုင်ငံ မှာလည်း ဗမာလူမျိုးကို ဖမာ လို့ ခေါ်တာကိုလည်း စဉ်းစားစရာအဖြစ် ထောက်ပြပါတယ်။ ဒါ့အပြင်…
(ဦးစောထွန်း အသံ)“ပါဠိအဘိဓာန်ထဲမှာဆိုရင် မြန်မာပြည် ဆိုတာကို ဗြဟ္မာ ဒေသ ဆိုပြီးတော့ ဗြဟ္မာ ဆိုပြီးတော့ ပြတာရှိတယ်။ နောက် ဆရာတော်ကြီးတွေက ဗြဟ္မာလို့ ရေးကြတာတွေ ရှိတယ်။ အဲဒီကနေပြီးတော့ အသံပြောင်းပြီးတော့ ဗမာ လို့ ဖြစ်မယ်ဆိုလည်းပဲ ဖြစ်ခွင့်တော့ ရှိတာပဲ”
ပုဂံခေတ်မှာတော့ မြေပြန့်နေလူမျိုးကို မြန်မာ အဖြစ် ကျောက်စာ ရေးထွင်းခဲ့တဲ့ အထောက်အထား တွေခဲ့ရတာကိုလည်း ဆရာ ဦးစောထွန်းက အခုလို ပြောပြပါတယ်။
“မွန်တွေက သူတို့ ကျောက်စာတွေ ထိုးတာ ရှိတယ်။ မွန်ကျောက်စာထဲမှာ ကျန်စစ်သားလက်ထက်က လူတွေအကြောင်း ပြောတော့ ဗမာတွေကို သူတို့က မရမာ လို့ ပဲ သူတို့ ပြောတာပါပဲ”
ဟုတ်ကဲ့ဆရာ၊ တိုင်းရင်းသား လူမျိုးအားလုံးကို မြန်မာလို့ သုံးခဲ့တာမျိုးရော အထောက်အထား တွေ့မိခဲ့သလားဆရာ။
“သမိုင်းကြောင်းအရကတော့ မြန်မာဆိုတာလည်း ဗမာ၊ ဗမာဆိုတာလည်း မြန်မာ ဖြစ်ခဲ့တော့ တိုင်းရင်းသား အားလုံးကို ခြုံပြီးတော့ မြန်မာလို့ ခေါ်တာမျိုးတော့ ရှိတယ်လို့ မပြောနိုင်ဘူးလေ။ ဒါကတော့ နောက်မှ နိုင်ငံရေးအရ သတ်မှတ်ချက် တခုပေါ့လေ”
ကဲ … ဒီတော့ ဗမာ၊ မြန်မာ ဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံရေး ပယောဂကြောင့် ကပြောင်းကပြန် ဖြစ်ခဲ့ရတယ်ဆိုတာ ရှင်းလင်းပြီ ထင်ပါရဲ့နော်။
နောင်တချိန်မှာ နိုင်ငံရေးပယောဂ ကင်းကင်းနဲ့ ပညာရှင်တွေ စုဝေး တိုင်ပင်ပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ပါ ရယူ ဆုံးဖြတ်သင့်တဲ့ ကိစ္စမျိုးလို့ ထင်မိပါတယ်။
မူရင်း - ဘီဘီစီ
ကိုသိန်းမြတ်၊ ဘီဘီစီ
01:50
မန်းရောဘတ် ဘဇန် မှ ဆရာတီးမသေ သို့ပေးစာ
ဆရာ…
စာရေးလိုက်ပါတယ်။ ရေးဘို့ လိုအပ်လာပြီဖြစ်လို့ပါ၊ မြန်မာနဲ့ ကရင် သတင်းမီဒီယာ (Website နဲ့ Blog) တွေကနေ နိုဝင်ဘာလ (၃၀) ရက်နေ့က ဆရာနဲ့ ဗိုလ်မှူးချုပ် စောထင်မောင်တို့ ဦးစီးတဲ့ (KNU-KNLA) အဖွဲ့က ရဲဘော် (၆) ယောက်ကို လူမဆန်စွာ ရက် ရက်စက်စက် ဒါးနဲ့ခုတ်သတ်၊ မီးရှို့ခံလိုက်ရတဲ့ သတင်းနဲ့ဓါတ်ပုံတွေ ဘတ်ရှုတွေ့မြင် လိုက်ရတဲ့အတွက် စိတ်မကောင်းခြင်းဖြစ်ရသလို ဒေါသလည်းထွက်ရပါတယ်။ ကျနော့ သွေးသားထဲက တူသားတွေ လူမဆန်စွာအသတ်ခံလိုက်ရတယ်လို့ ခံစားရပါတယ်၊ ကျနော့လိုပဲ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် ကရင်တမျိုးသားလုံးလည်း ကြေကွဲစွာခံ စားရသလို လူစိတ်ရှိတဲ့ လူပီသတဲ့ ဗမာညီကိုမောင်နှမများနဲ့ လူမျိုးစုံပြည်သူတွေလည်း ခံစားရမယ်လို့ ယူဆပါတယ်။
ကျနော့အတွေးအခေါ်ထဲမှာ (ဗမာ့တပ်မတော် စစ်စည်းကမ်းဥပဒေထဲမှာ စစ်သုံ့ပန်းတွေ ကို ဘယ်လိုပြုမူဆက်ဆံရမယ်၊ စစ်နဲ့မသက်ဆိုင်တဲ့မှီခိုသူ အမျိုးသမီး၊ ခလေး၊ သက်ကြီး ရွယ်အို) တွေကို ဘယ်လိုဆက်ဆံပြုမူရမယ်ဆိုတာ မပါလို့၊ မသိလို့၊ စစ်တက္ကသိုလ်တွေ မှာ မသင်ရလို့ ဒီလို လူမဆန်တဲ့ လူသတ်မှုမျိုးကိုကျူးလွန်လိုက်တာလား လို့ တွေးခေါ် မိတယ်။
ခုဖြစ်စဉ်က စစ်မြေပြင်မှာ ဖမ်းမိတာ မဟုတ်ဘူး။ စစ်သုံ့ပန်းတွေမဟုတ်ဘူး၊ နအဖ နဲ့ ငြိမ်းချမ်းရေးယူထားတဲ့၊ အပစ်အခတ်ရပ်ထားတဲ့၊ အေးအေးဆေးဆေးနေတဲ့ တပ်ကိုတ မင်သက်သက် လာရောက်အနိုင်ကျင့်၊ ဗိုလ်ကျစော်ကား ဖမ်းဆီးပြီး ဒါးနဲ့ထိုး၊ မီးရှို့အစ ဖျောက်လိုက်တဲ့ လူသတ်မှုသက်သက်ဖြစ်တယ် လူမဆန်တဲ့၊ တပ်မတော်မပီသတဲ့ ဓါးပြ လုပ်ရပ်ဖြစ်တယ်။ ဒီလိုလူမဆန်တဲ့လုပ်ရပ်မျိုးကို တစိုက်မှတ်မှတ်လုပ်လာတဲ့ ရန်သူရဲ့ လူတန်းစား လက္ခဏာကိုသိထားသင့်တယ်။
ဒီရန်သူဟာ...
(၁) မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်။
(၂) ဖက်ဆစ်တွေဖြစ်တယ်။
(၃) နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်တွေဖြစ်တယ်လို့ သတ်မှတ်တယ်၊
(၁) နအဖ ဟာ မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်
နအဖတွေဦးဆောင်ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ဟာ ဗမာ (၉၉) ရာခိုင်နှုံးနဲ့ ဖွဲ့စည်း ထားတဲ့ စစ်အုပ်စုဖြစ်တယ်။ ကျန်တဲ့လူမျိုးတွေကို လူတွေလို့သဘောမထားတဲ့၊ သူတို့ သာလျှင် ကြီးမြတ်တယ်။ အုပ်ချုပ်သူတွေဖြစ်တယ်။ မင်းမျိုးတွေဖြစ်တယ်၊ ကျန်လူမျိုး တွေဟာ ကျွန်မျိုး၊ အရိုင်းအစိုင်းတွေလို့ သဘောထားတယ်။
ငါတို့သာလျှင် တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေ၊ နိုင်ငံတော်ရဲ့ လေထု၊ ရေပြင်နဲ့ ကုန်းပိုင်း
ကို ငါတို့ပိုင်တယ်။ ငါတို့မှာ ခေတ်မှီလက်နက်တွေတပ်ဆင်ထားတဲ့ တပ်မတော်ကြီး ရှိ တယ်။ ငါတို့ဟာ စတုတ္တဗမာနိုင်ငံတော်ကို တည်ထောင်နေတဲ့သန်းရွှေ မင်းဆက် ဖြစ် တယ်လို့ ခံယူနေသူ။ ဘ၀င်မြင့် စိတ်ကြီးဝင်နေသူ ဖြစ်တယ်။
ဒါကြောင့် ဒီအုပ်စုဟာလက်နက်အားကိုးတဲ့၊ တဗိုလ်တမင်း၊ ငါ့မင်းငါ့ချင်း စစ်အာဏာရှင် မဟာဗမာဖက်ဆစ်တွေဖြစ်တယ်လို့ သတ်မှတ်တယ်၊ ဒီအုပ်စုကို အမိမြေက အပြတ်ဖယ် ရှားဖြစ်ရမဲ့၊ နောက်ဆုံးစစ်ခုံရုံးတင်ပြီး ကြိုးပေးသတ်ပစ်ရမဲ့ အုပ်စုဖြစ်တယ်၊ ဒီလိုအုပ်စု ကိုမှ (ရွှေသမင်) ထင်ပြီး ကိုးကွယ်မိတော့ အပစ်မဲ့ ရဲဘော် ၆ ယောက် လူစိတ်ကင်းမဲ့စွာ အချောင် အသတ်ခံလိုက်ရတာဟာ ဆရာတို့မှာ လုံးဝ တာဝန်ရှိတယ်။
ဒီလုပ်ရပ်ဟာ နအဖ နဲ့ဆရာတို့ ငြိမ်းချမ်းရေးရယူမိခဲ့တဲ့ ငြိမ်းချမ်း ဆုလာဒ်နဲ့ နအဖက ပေးတဲ့ ကောင်းကြီးမင်္ဂလာ တပါးပေါ့ ဒါဟာ ပဋ္ဌမအဆင့်ပဲရှိသေးတယ်။ နောင်ဆက် တိုက်လာမဲ့ နအဖရဲ့ငြိမ်းချမ်းရေးဆုလာဒ် တသီကြီးရှိပါသေးတယ်။ ကျနော်တို့စောင့် ကြည့်နေပါတယ်။
(၂) နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်
နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်ဆိုတာ မတရားစွပ်စွဲတာမဟုတ်ဘူး၊ နှစ်ပေါင်း (၆၀) ကျော်ပြည်တွင်းစစ်က သက်သေပြနေပါတယ်၊ ကရင်ပြည်ထဲ ကျူးကျော်ဝင်ရောက်လာ ပြီးဆိုရင် ဖက်ဆစ်ဂျပန်တွေထက်ဆိုးတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်တယ်၊ ရွာတွေ မီးရှို့တယ်၊ ရွာပေါင်း (၅) ထောင်ကျော်မီးရှို့ခံလိုက်ရပြီးဖြစ်တယ်။ ကရင့်သမီးပျိုးတွေ ကို မုဒိန်း ကျင့်တယ်။ အများစုအုပ်စုလိုက် မုဒိန်းကျင့်ပြီးသတ်ပစ်တယ်၊ စာသင်ကျောင်း၊ ဘုရားကျောင်းတွေ မီးရှို့တယ်၊ လမ်းမှာတွေ့တဲ့ဘယ်သူ့ကိုမဆို ပစ်သတ်တယ်။ လူတွေ ကိုပေါ်တာဆွဲတယ်၊ မနိုင်ဝန်တွေထမ်းခိုင်တယ်၊ ကရင်ပြည်သူတွေ ပိုင်ဆိုင်တဲ့ ကြက်၊ ဘဲ၊ ၀က်၊ ကျွဲ၊ နွားအိမ်မွေးတိရိစ္ဆာန်တွေကို ခိုးဝက်စားသောက်ကြတယ်။ လူထုတောင် ယာ၊ ဥယာဉ်၊ ခြံတွေကိုဖျက်ဆီးတယ်၊ မိုက်ကြေးခွဲ ဓါးပြတိုက်တယ်။
ဒါတွေဟာ ဖက်ဆစ်တွေရဲ့ လုပ်နည်းကိုင်နည်းတွေဖြစ်တယ်။
ဖက်ဆစ်ဂျပန်တွေဆီက စစ်ပညာအပြည့်အ၀ သင်ကြားခဲ့တာဖြစ်တယ်။ ဒါကြောင့် နအဖ တွေကို ဖက်ဆစ်တွေလို့ သတ်မှတ်ရတာဖြစ်တယ်။ ဒီ နအဖဖက်ဆစ်တွေဟာ ပြည်သူလူထုအတွက် ကောင်းတာဘာတခုလုပ်ခဲ့လို့လဲ .. ဆရာ၊ ဒါတွေကို ဆရာနဲ့ တပ်မဟာ (၇) က တပ်မှူးဟောင်းတွေသိကြပါတယ်။ သိရက်နဲ့ ဘာကြောင့် ဒီလိုစစ် အုပ်စုဖက်ဆစ်တွေနဲ့ နားလည်မှုယူကြရတာလဲဗျာ…
ဆရာတို့ ခုထိ ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ တော်လှန်တဲ့ သစ္စာတရား ၄ ပါး သို့မ ဟုတ် မူ ၄ ချက်ကို ဆက်လက်ကိုင်စွဲထားတုန်းပဲလား၊
ဒီဖက်ဆစ်တွေဆီက ကျနော်တို့လိုလားတဲ့ ကရင်ပြည်တောင်းလို့ရမယ်လို့ ဆရာတို့ထင် ထားသလား၊ လုံးဝ မရနိုင်ဘူးဆရာ။ ကရင်ပြည်မပြောနဲ့ (တခရိုင်)။ တမြို့နယ်တောင်အုပ်ချုပ်ခွင့်မရနိုင်ဘူး၊ ထိုကော့ကိုး လို နေရာကွက်ကွက်ကလေးမှာ နေခွင့်ပေးမယ်၊ မသေရုံတမယ် ကားပါမစ် လေးချပေးမယ်၊ နောက်ဆုံး ဖက်ဆစ်တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆရာတို့အဖွဲ့ကို လက်နက်ဖြုတ်ဘို့ နယ်ခြားစောင့်တပ် ခေါင်းစဉ် အောက်မှာ လက်နက်တွေ သိမ်းယူလိုက်မှာဖြစ်တယ်၊ မယုံမရှိနဲ့ဆရာ။ ကြာကြာမစောင့် ရပါဘူး။ လပိုင်းလောက်စောင့်ကြည့်ပါ။
ဖက်ဆစ်တွေနဲ့ ဆရာတို့ရေရှည်ပေါင်းလို့ မရနိုင်ဘူးဆရာ၊ သူတို့ခိုင်းတဲ့ နယ်ခြားစောင့် တပ် မလုပ်ဘူးဆိုရင် ဆရာတို့ ဘာဆက်လုပ်မှာလဲ၊ လက်နက်ချမလား၊ အညံ့ခံမလား၊ နအဖ ဆက်ဆစ်တွေကို ဦီးညွတ်အလေးပြုမလား။ တပ်မင်းဗိုလ်မှူးချုပ် လင်းထင် လို အသတ်ခံမလား၊ (KRC) (Karen Revolutionary Council) က ဖါးတီ မူးဆိုးကော် ကစာ စောဟန်တာသာမွှေးလို ပညာရေးအထူးအရာရှိအဆင့်နဲ့ပဲ ဘ၀နိဂုံးချုပ်ခဲ့ရတာ ဆရာမှတ်မိပါလိမ့်မယ်ထင်ပါတယ်၊ သူ မဆုံးမီ ကျနော့် အဖေကို အမှာစကားပါးခဲ့သေး တယ်၊ မန်းဘဇန်ကိုပြောလိုက်ပါတဲ့ ကျနော်မှားသွားပြီးတဲ့၊ ဆရာနဲ့ တပ်မဟာ (၇) က တပ်မှူးဟောင်းတွေ ခုလက်ရှိ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် သူရစောဂျော်နီ ကို ပြော လိုက်ပါ၊ ကျနော်တို့မှာသွားပြီးလို့ ပြောလာမဲ့စကားကို ကျနော်မကြားချင်ဘူးဆရာ ကျနော် အကြားချင်ဆုံးစကားကတော့ အတွင်းစည်းရောက်နေတဲ့ ငါတို့ တပ်တွေက နအဖ ဖက်ဆစ်တွေရဲ့ စခန်းကြီးတခုကိုသိမ်းလိုက်ပြီး ဆိုတဲ့ (Message) ပဲ ဆရာ၊ ဆရာတို့ ရွေးစရာလမ်းကတော့ ဒေါ်စု ဖေဖေ မိန့်ကြားခဲ့သလို လွတ်လပ်ရေးကို တောင်း လို့ ရရင်ရ မရရင်ချ ဆိုတဲ့ စကားကို လက်တွေ့ အကောင်အထည်ဖေါ်ပါ ဆရာ၊ ဒီ နအဖ ဖက်ဆစ်တွေ ကျနော်တို့လိုချင်တဲ့ ကရင်ပြည် ဘယ်တော့မှ မပေးဘူး။ ဒီကောင်တွေက ရင်ပြည်ပေးလာမယ်လို့ ဘယ်တော့မှစိတ်ကူးမယဉ်နဲ့ ဆိုတာ လက်နက်အဖြုပ်မခံရခင် သတိပေးလိုက်တာပါ၊
(၃) နအဖတွေဟာ နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်တွေ ဖြစ်တယ်
နအဖတွေကို နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်လို့ သတ်မှတ်ရတာက နိုင်ငံတော်အာ ဏာကို သေနတ်တွေရယူထားပြီး နိုင်ငံတော်ရဲ့ သယံဇာတ အားလုံးကို လက်ဝါးကြီးအုပ် ပြီး စစ်အုပ်စုရဲ့ မျိုးနွယ်စုတွေအတွက်လုပ်ကိုင်နေလို့ သတ်မှတ်ရတာဖြစ်တယ်။
နိုင်ငံတော်မှာ ဒီမိုကရေစီမရှိဘူး၊ တရားမျှတမှုမရှိဘူး၊ တန်းတူမှုမရှိဘူး၊ ဥပဒေ စိုးမိုးမှု မရှိဘူး၊ လူမျိုးတွေရဲ့ ရပိုင်ခွင့်မရှိသလို ပြည်သူတွေရဲ့ ရပိုင်ခွင့် အားလုံးဆုံးရှုံးနေပြီး ဖြစ် တယ်။ အထက်ပါအချက် ၃ ချက်နဲ့ အနည်းဆုံးပြည့် နေလို့ နအဖ ကို မဟာဗမာ လူမျိုး ကြီးဝါဒီ၊ ဖက်ဆစ်စစ်အာဏာရှင် နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်လို့ သတ်မှတ်လိုက် တာဖြစ်တယ်။
ဆရာ…
နောက်ဆုံး ပြောလိုတာက ကျဆုံးသွားတဲ့ ရဲဘော် ၆ ယောက်အတွက် ကျနော်တို့ ၀မ်းနည်း ယူကြုံးမရ ဖြစ်ရပါတယ်၊ သေနတ်ကိုင်ထားတာ ကရင်ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ယုံမကဘူး၊ တိုင်းပြည်တ၀ှန်းလုံးရှိ လူမျိုးစုံပြည်သူတရပ်လုံးရဲ့ အသက် အိုး အိမ်စည်းစိမ်ကိုကာကွယ်ဘို့ပါ တာဝန်ရှိတယ်။ တပြည်လုံးကို မကာကွယ်သေးမီ မိမိတို့ အဖွဲ့၏ အသက်လုံခြုံမှုကို အရင်ဆုံးလုပ်ဆောင်ပါ၊ ရှိပီးသား လက်နက်တွေကို ကျစ်ကျစ် ဆုတ်ထားပါ၊ ကရင်အချင်းချင်းသွေးမြေကျ မဖြစ်အောင် စောင့်ထိမ်းပါ၊ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သြ၀ါဒကိုမြေ၀ယ်မကျ စွဲကိုင်ပါလို့မှာကြားရင်း နိဂုံးချုပ်ခွင့်ပြုပါ။
မန်းရောဘတ် ဘဇန်
ဒီဇင်ဘာလ (၁၅) ရက်-၂၀၁၀၊
http://mahnsoekamaw.blogspot.com/
Subscribe to:
Posts
(
Atom
)

