Showing posts with label လံာ္ခီဆဿ. Show all posts
Showing posts with label လံာ္ခီဆဿ. Show all posts
10:03
တိုင်းရင်းသားငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီးဝန်ကြီးဦကျော်ဆန်းထံပေးစာ
လှိုင်းဘွဲ့မြို့နယ်အမတ်က လွှတ်တော်မှာ မေးမြန်းတာကို စစ်အစိုးရရဲ့ ပြောရေးဆိုခွင့်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ဖြေကြား တာနှင့်ပတ်သက်ပြီးကျနော်အနည်းငယ်တုံ့ပြန်ခြင်ပါတယ်။
၎င်းကိစ္စနှင့်ပတ်သက်ပြီးနော်မေဦး၏ချေပချက်များသည် လက်တွေ့ကျသလို စစ်မှန်သောအဖြေဟု ကျနော်မြင် မိပါတယ်။ ဦကျော်ဆန်း အဓိကစွတ်ဆွဲချက်မှာ ထိုင်းမြန်မာနယ်စပ်ရှိဒုက္ခသည်စခန်း၊ ထိုင်းနိုင်ငံကြောင့် ကရင်တော်လှန်လှန်ရေးမပြီးဆုံးခြင်း ဆိုပြီး အမည်မတပ်သော်လည်း ထိုင်းနိုင်ငံ ကိုရည်ညွန်းပြောဆိုထားပါ တယ်။
နအဖ သတင်းစာတွင်အမြဲဖေါ်ပြလေ့ရှိသော ၀န်ကြီးကျော်ဆန်း နှင့် နအဖ ၏လက်သုံးစကားတစ်ခုမှာ-
“ လက်တစ်ဆုတ်စာသာရှိသော KNU အဖျက်သမား” ဆိုပြီးထပ်ကာထပ်ကာ ဖေါ်ပြလေ့ရှိပါတယ်။ နယ်စပ်တ လျှောက်ရှိဒုက္ခသည် စခန်းကို KNU စခန်းလို့ပြောလျှင် KNU ရဲ့စစ်သားအရေအတွက်ဟာ နအဖ စစ်သားအရေ အတွက်လို သိန်းဂဏာန်းထက်မနည်းနိုင်တာ သိသာပါတယ်။ KNU ဟာ ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံတွေဆီမှ အကူအညီ နှင့်ရှင်သန်ကြောင်း နအဖ သတင်းစာ နှင့် ၀န်ကြီးဦးကျော်ဆန်း ၏ သတင်းစာရှင်းလင်းပွဲတွေမှာ အမြဲပြောလေ့ရှိပါတယ်။ ဦးကျော်ဆန်းပြောသလိုသာ မှန်ရင် သိန်းဂဏန်းရှိတဲ့ KNU စစ်အင်အား ဟာ ထိုင်းနှင့်ပြည်ပအကူအညီတွေရရင် မြို့သိမ်းတိုက်ပွဲတွေ မက တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ်တွေကို အလွယ်တကူ သိမ်းနိုင်ခဲ့တာကြာပါပြီ။
ကရင်ပြည်နယ်မှာရှိတဲ့စစ်ဆင်ရေးကိုကြည့်ပါ။ နအဖတပ်တွေရဲ့ ကျဆုံး၊ ထိအခိုက် တပ်ပြေးစာရင်း ဟာ ပျမ်းမျှ တစ်လလျှင်တပ်ရင်း ၂ ရင်းစာကုန်နေပါတယ်။ ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေး ရဲ့ KNU နှင့်ပူးပေါင်းတပ်တွေကို တိုက်ခဲ့ တာ ၃ လကျော်သွားပါပြီ၊ ၃ လအတွင်း အဲဒီဒေသမှာ ဆုံးရှုံးခဲ့တဲ့ နအဖ တပ်အရေအတွက်ဟာ တပ်ရင်း ၁၀ ရင်းကျော်ပါပြီ။ ဒီတိုက်ပွဲနေရာတစ်လျှောက်ကိုကြည့်ခြင်းအားဖြင့် KNU တပ်တွေ ဘယ်မှာရှိတယ်ဆိုတာ သိ သာပါတယ်။ ဒုက္ခသည်စခန်းတွေ နှင့်ဘာမှမဆိုင်ပါ။ နအဖ စစ်သားတွေရဲ့သွေးမြေကျနေတဲ့ နေရာတွေကို ကြည့်ခြင်းအားဖြင့် KNU ဟာ ကရင်ပြည်နယ်ထဲမှာဘဲ ရှိနေတာ ထင်ရှားနေပါတယ်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မြ ဦးဆောင်တဲ့ KNU အဖွဲ့ ရန်ကုန်မှာ ဆွေးနွေးခဲ့တာတွေ ပြန်ကြည့်ပါ။ အဲဒီတုံးက KNU ဟာအပစ်ရပ်လက်မှတ်ထိုးရန်အဆင်သင့် ဖြစ်နေပြီး စစ်မှန်သော ငြိမ်းခြမ်းရေးတွက် နအဖ လက်မှတ်ထိုးရန် တောင်းဆိုခဲ့ပါတယ်။ သို့သော်လည်း ငြိမ်းချမ်းရေးတွက် နအဖ ဖက်မှ ပျက်ကွက်ခဲ့ပါ တယ်။ လက်နက်ကိုင်အားလုံး ၁၇ ဖွဲ့ အပစ်ရပ်ငြိမ်းချမ်းရေးသဘောတူပြီးမှ KNU ကို အဖြည့်သဘော သာ စ ကားပြောတာကိုကြည့်ခြင်းအားဖြင့် နအဖ အာဏာရှင်ဟာ KNU နှင့်ဘယ်တော့မှ ငြိမ်းချမ်းရေး လုပ်မှာ မဟုတ်ကြောင်း သက်သေပြနေပါတယ်။
အနှစ် ၂၀ နီးပါး အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့တွေရဲ့ ဖြတ်သန်းခဲ့တဲ့ခရီးကို ကြည့်ချင်းအားဖြင့် နအဖ ပေးတဲ့ ငြိမ်းချမ်းရေးဟာ အတုအယောင်ငြိမ်းချမ်းရေးဖြစ်သလို ပေးခဲ့တဲ့ကတိတွေအတိုင်း ဆောင်ရွက်ဖို့နအဖ ဖက် မှအမြဲ တမ်းပျက်ကွက်ခဲ့ပါတယ်။ ဒိပြင် အပစ်ရပ်ဒေသတွေမှာ နေထိုင်တဲ့ပြည်သူတွေဟာ လူနေမှု့ဘ၀ မတိုးတက်တဲ့ ပြင် နအဖ အစိုးရတပ်တွေရဲ့ အတင်းအဓမ္မစေခိုင်းခြင်း၊ လယ်ယာမြေသိမ်းခြင်း၊ အနိုင်ကျင့်ခြင်း၊ ဌာနဆိုင်ရာ တွေရဲ့မတရားသဖြင့် အနိုင်ကျင့်ခြင်းတွေ ပိုမိုခံစားလာရပါတယ်။ ဒေသခံများ၏ စားဝတ်နေရေး ပိုမိုကျပ်တည်း လာတဲ့ပြင် ဒေသထွက် သဘာဝ သံယာဇာတအရင်းအမြစ်များ သည် တိုင်းပြည်အတွက်အကျိုးဖြစ်ထွန်းဖို့ထက် စစ်ဗိုလ်ချုပ်မိသားစု နှင့် နောက်လိုက် စီးပွါးရေးသမားတွေကိုသာ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာပြည် ဆင်းရဲခြင်း နှင့် ပြည်တွင်းစစ်ဖြစ်နေရခြင်းသည် နအဖ တွင်သာ လုံးလုံးလျားလျား တာဝန်ရှိပါ တယ်။
ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ရှိဒုက္ခသည်စခန်းတွေဟာ KNU တွေဆောက်ထားတာမဟုတ်သလို KNU အတွက် ထိုင်းကဆောက်ပေးတာလဲမဟုတ်ပါ။ နအဖ ကရွာတွေကိုဖျက်၊ အရပ်သားတွေကို သတ်ဖြတ်နေလို့ ဒုက္ခသည် စခန်းတွေဖြစ်လာတာပါ။ အဲဒီဒုက္ခသည်စခန်းတွေကြောင့် ထိုင်းနိုင်ငံအ တွက်ဝန်ထုတ်ဝန်ပိုးဖြစ်နေရသလို အဲဒီ ၀န်ထုတ်ဝန်ပိုးတွေကလွှတ်မြောက်အောင် ထိုင်းနိုင်ငံက နည်းမျိုးစုံဖြင့်ကြိုးစားနေတာ မြင်နေရပါတယ်။ သက်သေပြရမည်ဆိုလျှင် ၂၀၀၆ တုန်းက နေပြည်တော် မိုင် ၅၀ ပတ်လည်မှာရှိတဲ့ ကရင် နှင့် ကယား တိုင်း ရင်းသားရွာတွေကို ရှင်းထုတ်တုန်းက ထွက်ပြေးလာတဲ့ ဒုက္ခသည် တွေကို ထိုင်းနိုင်ငံက လုံးဝ ၀င်ခွင့်မပေးသ ဖြင့် ကရင်အရပ်သားသောင်းနှင့်ချီပြီး ဒုက္ခရောက်ခဲ့ပါတယ်။ ဒါတွေကို သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဦး ကျော်ဆန်းဘယ်လို ရှင်းပြနိုင်ပါသလဲ။ ဒါကြောင့် ဒုက္ခသည်စခန်းဖြစ်လာတာဟာ နအဖ မှာသာလုံးဝ တာဝန်ရှိ ကြောင်းထင်ရှားနေပါတယ်။
နှစ် ၆၀ ကျော်ပြီဖြစ်တဲ့ ပြည်တွင်းစစ်စတင်သည့်အကြောင်းအရင်းသည် မြန်မာပြည်တစ်ဝှမ်းမှာ နေထိုင်နေတဲ့ တိုင်းရင်းသားများကို တန်းတူရည်တူမဆက်ဆံဘဲ နိုင်လိုမင်းထက် အနိုင်ကျင့်သည့် စနစ်ကြောင့် ပြည်တွင်းစစ် စတင်ခဲ့ခြင်းပါတယ်။ လက်ရှိ နအဖ သည် တိုင်းရင်းသားပါမကတော့ဘဲ ပြည်သူအများစု ကို မတရား ဖိနှိပ်အုပ်ချုပ်မှု့ကြောင့် ပြည်တွင်း ပဋိပခအဆုံးမသပ်နိုင်ခြင်းဖြစ်နေပါတယ်။ အရပ်သားပြည်သူများကို အနိုင်ကျင့်သတ်ဖြတ်တဲ့ နအဖ မူဟာ ကိုယ့်အိမ်ကို ကိုယ်တိုင်ပြန်မီးရှို့နေတာဖြစ်ပါတယ်။ ၀န်ကြီးဦးကျော်ဆန်း ၏ပြောစကားဟာ ကိုယ်တိုင်ကပြန်ရှို့လို့ ကိုယ့်အိမ်မီးလောင်နေတာ ဘေးအိမ်က ရှို့လို့လောင်တာပါဟုပြောနေ တာနှင့်တူနေပါသည်။
အမှားကိုမြင် အမှန်ပြင်လျက် စစ်မှန်သောငြိမ်းချိမ်းရေးဖေါ်ဆောင်နိုင်ပါစေ
ဖူးဒို
မတ်လ ၂၈ ရက်၊ ၂၀၁၁
http://www.karenunited.com/index.php?option=com_content&view=article&id=1413:2011-03-27-15-05-41&catid=2:articles&Itemid=16
Subscribe to:
Posts
(
Atom
)