စစ်အုပ်ချုပ်ရေးဆိုသည်မှာ လက်နက်ကိုင်အင်အားဖြင့် အစိုးရ၏
အာဏာပိုင်အပိုင်းကို သိမ်းယူခြင်း ဖြစ်သည်။ ဤကိစ္စအားလုံးနီးပါးသည် တရားသော
ရွေးကောက်ပွဲအရ မဟုတ်ဘဲ၊ စစ်တပ်မှ အင်အားဖြင့် အာဏာကိုယူခြင်း ဟု
နားလည်ထားကြသည်။ စစ်တပ်ဆန်ခြင်း Militarization ဆိုသည်မှာ အရပ်သားကဏ္ဍကို
စစ်တပ်မှ သြဇာလွှမ်းမိုးလာပြီး စစ်အုပ်ချုပ်ရေး မသိမသာဖြစ်လာခြင်း ဖြစ်သည်။
အကယ်၍ စစ်တပ်အဏာပိုင်များသည် အာဏာမှ ဖယ်ရှားခံရသည်ဖြစ်စေ၊ မိမိတို့ဆန္ဒအရ
အာဏာမှ ဆင်းပေးသည်ဖြစ်စေ၊ နိုင်ငံရေးနယ်တွင် တိုက်ရိုက် တာဝန်ထမ်းဆောင်မှု
မရှိတော့သော်လည်း သူတို့သြဇာကို ထိန်းသိမ်းထားကာ နိုင်ငံရေးအပေါ်
ဆက်လက်လွှမ်းမိုးလာမှုကို ဖြစ်စေသည်။
နိုင်ငံတို့၏ ကြီးထွားတိုးတက်လာမှုတွင် စစ်တပ်မှ ပါဝင်ပတ်သက်မှုရှိခြင်းသည်
ထူးခြားသည့် ကိစ္စလက္ခဏာတရပ် မဟုတ်ပါ။ ရှေးရောမနှင့် ဂရိအင်ပါယာများ
ပေါက်ဖွားလာသည်မှာ စစ်အာဏာကြောင့် ဖြစ်သည်။ ယနေ့ခေတ်တွင်လည်း
တိုးတက်သောနိုငံများနှင့်အတူ စစ်အုပ်ချုပ်ရေးသည် ရောထွေးနေတတ်သည်။
စစ်အုပ်ချုပ်ရေးအောက် ကျရောက်သည့် နိုင်ငံအများအပြားကို လေ့လာကြည့်ပါက
အမျိုးမျိုးအဖုံဖုံ တွေ့နိုင်သည်။ ၁၉၇၄ ခုနှစ်တွင် စစ်တပ်မှ
အာဏာသိမ်းသောအခါ အီသီယိုးပီးယားနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ
ဖြစ်သွားသည်။ သို့သော် ၁၉၉၂ ခုနှစ် စက်မှုလက်မှုနိုင်ငံဖြစ်စ ထိုင်းနိုင်ငံ၌
စစ်တပ်မှ အာဏာသိမ်းခဲ့သည့်အချိန်တွင် တိုင်းပြည်၌ တိုးတက်မှု ရှိခဲ့သည်။
ထိုင်းနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည်
ကိုလိုနီလက်အောက်ခံနိုင်ငံများ မဟုတ်သောကြောင့် စစ်တပ်အာဏာသိမ်းမှု
ဖြစ်ရခြင်းအကြောင်းရင်းကို အဓိပ္ပါယ်ဖွင့်ဆိုရန် ခက်ခဲလှသည်။
အချုပ်အခြာအာဏာပိုင်တိုင်းပြည်များတွင်သာ စစ်အုပ်ချုပ်မှုသည် အခြေအနေပေးမည်မဟုတ်ပဲ လက်နက်ပိုင်သူပုန်များ အုပ်စိုးထားသော နယ်မြေနှင့် ပြည်သူလူထုသည်လည်း လက်နက်ကိုင်အင်အားစုများ၏ စစ်တပ်မှ ကြီးစိုးမှုခံထားရသည်ကို တွေ့နိုင်ပေသည်။ အာဖရိကတွင် စစ်တပ်မှ ပညာမတတ်သော(သို့)အငယ်တန်းအရာရှိများက အာဏာသိမ်းမှုများ ပိုမိုဖြစ်စေနိုင်သော အခြေအနေရှိသည်။ ကွန်ဂိုတွင် ၁၉၆၈ ခုနှစ်၊ လိုင်ဘီးရီးယားတွင် ၁၉၈၀ ခုနှစ်၊ ဂါနာတွင် ၁၉၇၉ ခုနှစ်၊ အီသီယိုးပီးယားတွင် ၁၉၇၄ ခုနှစ်နှင့် အဓိကရအားဖြင့် ၁၉၇၁ ခုနှစ် ယူဂန်ဒါတွင် “အီဒီအယမင်”ဆိုသူ၏ အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့လေသည်။ ပညာမတတ် ရမ်းကားလှသည့်“အီဒီအာမင်”၏ ပုံသဏ္ဌန်သည် စစ်အာဏာပိုင်၏ အသွင်ပီသပေသည်။ စစ်အုပ်ချုပ်ရေးသည် စီးပွားရေးကိုကျဆင်းစေကာ လူ့အခွင့်အရေးကို ချိုးဖေါက်သည်မှာ ယေဘုယျအားဖြင့် မှန်ကန်ပေသည်။ အမြဲတမ်းမှန်ကန်လှသည်တော့ မဟုတ်ပေ။ စစ်အုပ်ချုပ်ရေးအောက်တွင် ရှိသော နိုင်ငံများတွင် အကောင်းနှင့်အဆိုး ဒွန်တွဲနေသည်ကို မြင်နိုင်ပေသည်။ တချို့အာရှနိုင်ငံများသည် (ဥပမာ တောင်ကိုးရီးနှင့်ထိုင်ဝမ်) စစ်အုပ်ချုပ်ရေးအောက်တွင် တင်းကြပ်စွာရှိသော်လည်း ချမ်းသာလာသည်ကို တွေ့ရသည်။ စစ်အုပ်ချုပ်ရေးပေါ်ထွန်းလာရန်မှာ စစ်ဘက်မှ လိုလားမှုရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ အခြေအနေပေါ်တွင်လည်း မူတည်သည်။ ဤအခြေအနေသည် အများအားဖြင့် အရပ်သားအစိုးရသည် ကောင်းမွန်စွာမအုပ်ချုပ်နိုင်ချိန် (အဂတိလိုက်စားမှုများနှင့်သြဇာမထိရောက်မှုများ ရှိလာချိန်)တွင် ဖြစ်သည်။ ဤသို့သောအခြေအနေမရှိပါက စစ်တပ်မှ အာဏာသိမ်းရန် ခက်ခဲလှပါသည်။ စစ်အုပ်ချုပ်ရေးကို လေ့လာရာတွင် ယေဘုယျ တွေ့ရှိသောအချက်များမှာ -
၁။ လူတန်းစားတရပ် ဘာသာရေးတခု သို့မဟုတ် စစ်တပ်ကို လွှမ်းမိုးချုပ်ကိုင်ထားသော လူမျိုးစုတခုပေါ်တွင် အခွင့်အရေးပေးတတ်သည့် သဘောရှိခြင်းနှင့် ၂။ တခြားသောနိုင်ငံရေးအတိုက်အခံများကို နှိပ်ကွပ်လိုခြင်း ဖြစ်သည်။ စစ်တပ်မှ အာဏာသိမ်းရန် ဖြစ်စေသော အကြောင်းအရင်းများမှာ - ၁။ အဓိကအရေးပါသော ပုဂ္ဂိုလ်များ၏ ပုဂ္ဂိုလ်ရေးရည်မှန်းချက်မြင့်ခြင်း။ ၂။ အရပ်သားအစိုးရအောက်ရှိ စစ်တပ်မှ ၎င်း၏အခြေအနေအပေါ် မကျေနပ်ခြင်း။(ဥပမာ-လက်နက်ကိုင်ကိရိယာ မပြည့်စုံမှု) ၃။ စစ်အာဏာရှင်များ၏ လူတန်းစားအကျိုးစီးပွား။ ဥပမာ- ပညာတတ်ကုန်သည်လူတန်းစား။ ၄။ ဒေသဆိုင်ရာ(သို့မဟုတ်)တစ်နိုင်ငံလုံးဆိုင်ရာ လုံခြုံရေးအတွက် နိုင်ငံရေးအရ မဖြေရှင်းနိုင်ခြင်း။ ၅။ အရပ်သားအစိုးရကို ပြည်သူအများစုက မကျေနပ်ခြင်း။
၆။ စစ်ဘက်ဆိုင်ရာနှင့် အရပ်သားအစိုးရတို့အကြား လူမျိုးရေး ခြားနားမှုရှိခြင်းတို့ဖြစ်သည်။ စစ်အုပ်ချုပ်ရေးမှ အရပ်ဖက်အုပ်ချုပ်ရေးသို့ ကူးပြောင်းရန် အလွန်ခက်ခဲလေ့ရှိသည်။ အကြောင်းမှာ အာဏာအလွဲသုံးစားပြုပြီး နှိပ်စက်မှုများကို ကျူးလွန်ထားသည့် စစ်ခေါင်းဆောင်တို့သည် သူတို့အား အရေးယူမှုနှင့် ဖမ်းဆီးမှုများပြုလုပ်မည်ကို ရာထူးမှ မခံရမှီ အပြင်းအထန် ကာကွယ်ခုခံကြသောကြောင့် ဖြစ်သည်။ စစ်အာဏာရှင်တို့သည် တိုင်းပြည်မှ ထွက်ခွါပြီး နိုင်ငံခြားတွင် ခုံလှုံကြပြီး တိုင်းပြည်ကို အကြွေးပုံကြီးဖြင့်
ကျန်ရစ်စေတတ်သည်။ ပြည်တွင်း၌နေလျှင်လည်း နိုင်ငံရေးနယ်ပိုင်းမှ တစုံတရာရောဆုတ်လျှက် တိုင်းပြည်ကို မည်သို့အုပ်ချုပ်ရမည်ကို အရပ်သားအစိုးရနှင့် သဘောတူချက်လုပ်တော့သည်။ မိမိတို့နှင့် သဘောတူညီချက်ရှိသည့်အတိုင်း မလုပ်ပါက နောက်တဖန် အာဏာပြန်သိမ်းရန် ခြိမ်းခြောက်မှုများပါရှိတတ်သည်။ အာဏာမရုတ်သိမ်းမှီ ပြုလုပ်တတ်သည့် တောင်းဆိုချက်များ
၁။ အာဏာသိမ်းစဉ်အချိန်က ပါဝင်သောစစ်အရာရှိများအားလုံး၏ လုံခြုံရေး။
၂။ စစ်တပ်၏အကျိုးစီးပွားအားလုံး လုံခြုံသေချာရေး။
၃။ အစိုးရအနေနှင့် စစ်တပ်၏ နိုင်ငံအကျိုးစီးပွားအတွက် အမြင်ကို အလေးထားရန်။
၎။ အရပ်သားအစိုးရအသစ်တွင် စစ်တပ်မှ သဘောတူညီထားသော ပုဂ္ဂိုလ်တစ်ဦးကိုသာ ဦးဆောင်စေရန်။
အစိုးရအဖွဲ့၏ အပြင်ဖက်တွင်ရှိသော စစ်အရာရှိတို့သည် သူတို့၏သြဇာနှင့် အာဏာတည်မြဲရေးအတွက် အသစ်တက်လာမည့် အရပ်သားအစိုးရအတွင်းရှိ နိုင်ငံရေးသမားတချို့နှင့် မဟာမိတ်ဖွဲ့ထားလေ့ရှိသည်။ ဤသို့ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ နှစ်စဉ် ဘတ်ဂျက်ကို များစွာရရှိစေသည်။ ဘတ်ဂျက်တွင် အာမခံရပြီးလျှင် အပြန်အလှန်အားဖြင့် စစ်အရာရှိများလည်း နီးစပ်သည့် စီးပွားရေးသမားများကို ကန်ထရိုက်ပေးလေ့ရှိသည်။ ဤသို့ စစ်ဖက်နှင့် အရပ်ဖက် လုပ်သည့် စီးပွားရေးကို စစ်ဖက်စီးပွားရေးမဟာမိတ် ဟူ၍ ခေါ်တွင်ကြသည်။
နိုင်ငံရေးဝေါဟာရ စာအမှတ်စဉ်(၂)မှ ကောက်နှုတ်ဖေါ်ပြထားသည်။
http://parsithan.blogspot.se/2012/10/military-rule.html

No comments :
Post a Comment