-->

Home » , » မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း အပိုင်း(၂)

မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း အပိုင်း(၂)

| 0 ဟ့ဢ္ခီဢ္မဲလီဿ္


မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း

အပိုင်း(၂)

စတင်မြစ်ဖျားခံရာသမိုင်းကြောင်း။

အခန်း(၁)

 မြစ်ဆုံစေတီတော်။

 မြစ်တို့၏ ထုံးစံအတိုင်း အကွေ့အကောက်များဖြင့် မြောက်မှ တောင်သို့ စီးဆင်းလာခဲ့သော သံလွင်သည်၊ အရှေ့ဘက်ခြမ်း ထိုင်းနိုင်ငံ မယ်စံလပ်ပြည်နယ်နှင့် အနောက်ဘက်ခြမ်း မြန်မာနိုင်ငံ ကရင်ပြည်နယ် ဖါပွန်ဒေသသို့အရောက်တွင်၊ အနောက်မြောက်မှသည် အရှေ့တောင်သို့၎င်း၊ ထိုမှ တဆင့် အနောက်တောင်နှင့် အနောက်ဘက်သို့၎င်း၊ ကွေ့ဝိုက်လျှက် မြစ်ချိုးကွေ့ကြီးတခု ဖြစ်ပေါ်စေကာ မြန်မာပြည် နယ်နမိတ်အတွင်း အနောက်တောင်ဘက်သို့ ဆက်လက်စီးဆင်းသွားသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်ခြား မြစ်ချိုးကွေ့ကြီး ဖြစ်ပေါ်ခဲ့ရာနေရာတွင် အရှေ့တောင်ဘက်သို့ မြစ်လက်တက်တခု ဖြာထွက်ခဲ့သည်။ ထိုမြစ်လက်တက်သည် သံလွင်မြစ်ကြောင်း၏ စီးဆင်းလာရာ ထိုင်း မြန်မာနယ်နမိတ် မျဉ်းကြောင်း၏ အဆက်ဖြစ်သည်။ ထိုင်းတို့က ၎င်းတို့၏ နယ်နမိတ်အတွင် တ၀က်အပါအ၀င်ဖြစ်သော ထိုမြစ်ကို မိန်ဟိန်း ဟုခေါ်၏။ မြန်မာတို့က သောင်ရင်း ဟုခေါ်ပြီး ကရင်တို့ကမူ သူးမွဲ ဟုခေါ်လေသည်။

သံလွင်မြစ်၏ မြစ်လက်တက်အဖြစ် စတင်ခွဲထွက်နေရာ(သံလွင်၏အနောက်ဘက်ခြမ်း)တွင် ရွာတရွာရှိသည်။ သူးမွဲထာ(သူးမွဲထ)ဟု ခေါ်၏။ K.N.U.က ထိန်းချုပ်ထားသောနေရာဖြစ်ပြီး န၀တစစ်အုပ်စုတို့ လုံးဝ မထိုးဖေါက်နိုင်ခဲ့သော ဒေသတခုလည်းဖြစ်လေသည်။

၁၉၈၉ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့ (၁၃၅၁ ခုနှစ်၊ တန်ခူးလပြည့်၊ သောကြာနေ့)တွင် ထိုနေရာ၌ စေတီတဆူ စတင်တည်ခဲ့သည်။ စေတီ၏ဘွဲ့အမည်မှာ ယခုထက်တိုင် မထင်ရှား။ မြစ်ဆုံစေတီဟုသာ ဒေသ၀န်းကျင်တွင် လူသိများခဲ့သည်။ စေတီတည်သောပုဂ္ဂိုလ်မှာ မြိုင်ကြီးငူဆရာတော် ဖြစ်ပေသည်။

မြိုင်ကြီးငူဆရာတော်

မြိုင်ကြီးငူဆရာတော် ဦးသုဇနသည် သာမညတော်ဆရာတော်နှင့်အလံတရာဆရတော်ထံ၌လည်း ဆည်းကပ်ဘူးသူဖြစ်သည်။ လှိုင်းဘွဲမြို့နယ် ဇာတိဖြစ်ပြီး ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးမှ သစ်တောဌာနတာဝန်ခံ ပဒိုအောင်ဆန်းနှင့် ညီအကို တ၀မ်းကွဲတော်စပ်သည်။ မြိုင်ကြီးငူထက် အရင်ကျသောနေရာများမှာ အလံတရာတောင်နှင့်သာမညတောင်တို့ဖြစ်သည်။ ထိုနေရာများတွင် ဓါတ်မီးများ ထိန်ထိန်ညီးပြီး လာသမျှ ဒါယကာ ဒါယိကာမများကို ကျွေးမွေးဧည့်ခံနိုင်သည့်အတွက် အမြဲမပြတ် စည်ကားလျှက်နေသည်။ န၀တစစ်တပ်၏ ပေါ်တာဆွဲမှုနှင့်အခြားပဋ္ဋိပက္ခများ ဘာမျှမရှိသည့်အပြင်၊ န၀တအုပ်စုကော၊ တော်လှန်ရေးသမားများပါ လက်နက်ကိုင်ဆောင်မှု မရှိဘဲ သွားရောက်နိုင်သည့်နေရာများဖြစ်သည်။

 မြိုင်ကြီးငူသည် ကော့ကရီကျွန်းနှင့် မဲကော့လာကျွန်းထိပ်အကြားတွင် တည်ရှိသည်။ တခွက်ဖိုးရွာကြီး၏အထက်ပိုင်း၊ သံလွင်မြစ်၏ အရှေ့ဘက်ခြမ်း ဖြစ်သည်။ ၎င်းနေရာ၌ မြို့ရိုးဟောင်း ရှိသည်။ ဘုန်းကြီးကျောင်းကို အမှီပြု၍ ဖြစ်ပေါ်လာခဲ့သော သာမညရွာကဲ့သို့ပင် ရပ်ရွာထူထောင်ကာ နေကြသည်။ ဗုဒ္ဓဘာသာနှင့် လုံးဝ မပတ်သက်သော မူဆလင်များလည်း သွားရောက်နေထိုင်ကြသည်။
ခရစ်ယာန်ဘာသာဝင် စနေအသင်း(အနန်းဘော့စနေအသင်း)လည်း ရှိသည်။
န၀တတပ်များ လာရောက်နှောက်ယှက်ခြင်းမရှိသော နေရာအဖြစ် ထူးထူးခြားခြား သတင်းကြီးလေသည်။

ကျား၊မ မရှောင် ပေါ်တာဆွဲခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ တွေ့သမျှရွာသားများကို ခေါ်၍ ရိုက်နှက် မေးမြန်းစစ်ဆေးခြင်း၊ အခန့်မသင့်ပါက သတ်ပစ်ခြင်း၊ နယ်စပ်ဒေသကျေးရွာများမှ ရွာသူ မိန်းကလေးများကို ရမယ် ရှာဖမ်းဆီးမေးမြန်းကာ အဓမ္မပြု သတ်ပစ်ခြင်း၊ ပေါ်တာကြေးများ ကောက်ခံခြင်း၊ ရွာလုံးကျွတ်ပြောင်းရွှေ့ခိုင်းခြင်း၊ ရွာကို မီးရှို့ဖျက်ဆီးခြင်း၊ ပေါ်တာများကို မနိုင်ဝန်များ ထမ်းခိုင်းပြီး နာဖျားမကျန်းမာဖြစ်ပါက သတ်ပစ်ခြင်း စသည့် လူမဆန်သောကိစ္စများကို န၀တတို့ လုပ်ချင်တိုင်း လုပ်နေသော ဒေသတွင် ထိုကျောင်းအနီး ၀န်းကျင်သို့ န၀တတပ်များ အနှောက်အယှက် ကင်းလွတ်နေသော နေရာဖြစ်သည်။


ရန်ကုန် မန္တလေး စသော မြို့ကြီးပြကြီးများ၌ပင် အတိုက်အခံဟု ယူဆရသော ရဟန်းသံဃာတော်များကို ဖမ်းဆီးထောင်ချ ညှင်းဆဲသတ်ဖြတ်မှုများ ပြုနေပါလျှက်၊ ၎င်းတို့ စိတ်တိုင်းကျ ပိုမိုလုပ်ကိုင်ခွင့်ရနေသော အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့်ဒေသတွင် ထင်ပေါ်နေသော ဒေသတခုဖြစ်လေသည်။

 မြိုင်ကြီးငူဆရာတော်မှာ သာသနာ့ဝန်ပရိယတ္တိစာပေ လေ့လာမှုအဆင့်နှင့်ပတ်သက်၍ ပိဋ္ဋိကတ်သုံးပုံကို အာဂုံဆောင်နိုင်သောဆရာတော်များကဲ့သို့ တိပိဋ္ဋကဓရဘွဲ့ကို ရခဲ့သူဟူ၍ကား ပြောဆိုသံ မကြားရပါ။ သာမန်အဆင့် ရခဲ့သူဖြစ်သည်။ သို့ရာတွင် မြိုင်ကြီးငူဆရာတော်သည် သက်သတ်လွတ်ဆွမ်း ဘဉ်းခြင်းနှင့် မူဝါဒချမှတ်နိုင်ခြင်းတို့ကြောင့် အခြားဆရာတော်များထက် ပို၍ နာမည်ရလာခဲ့သည်။

 မြိုင်ကြီးငူဆရာတော်၏ မူဝါဒ (၅)ချက် ရှိသည်။
(၁) နိုင်ငံရေး မလုပ်ရ။
(၂) ငါးပါးသီလ မြဲရမည်။
(၃) သာသနာ့ နယ်မြေအတွင်း ခိုက်ရန်ဒေါသ မဖြစ်ရ။
(၄) ဘာသာရေး ခွဲခြားစကား မပြောရ။
(၅) အတင်းစကား မပြောရ။
ထိုမူဝါဒများသည်၊ သာမညဆရာတော်ဘုရားကြီး၏ မူဝါဒများနှင့် မတိမ်းမယိမ်း ပင်ဖြစ်သည်။

သာမညတောင်ဆရာတော်ကြီးနှင့်မူဝါဒများကလည်း ထူးမခြားနား ဖြစ်သောကြာင့် သာမညဆရာတော်ကဲ့သို့ ကြည်ညိုသဒ္ဓါပွားကာ ကိုးကွယ်ကြသူများပြားသည်။ ထိုနေရာ၌ မြိုင်ကြီးငူဆရာတော်ကို အမှီပြုကာ နေထိုင်ကြသော ခရစ်ယာန်များပင် သက်သတ်လွတ်စားကြသည်ဟု ဆိုသည်။

 မြစ်ဆုံအရေးကိစ္စ ပေါ်ပေါက်လာပြီးသည့်နောက် မြိုင်ကြီးငူမှ ဖြန့်ဝေသော ကြေငြာချက် စာရွက်စာတမ်းအချို့တွင် မြိုင်ကြီးငူကျောင်း၏ တံဆိပ်တုံးများ ခပ်နှိပ်ထားသည်ကို တွေ့ရသည်။ မြိုင်ကြီးငူ နန်းဦးဘေးမဲ့တောရကျောင်း ဝေယာဝစ္စအဖွဲ့ ဟူသော တံဆိပ်တုံးများနှင့် အလယ်တွင် ကောင်းကင်နောက်ခံနှင့် စေတီပုံပါရှိသော နန်းဦးစေတီတော် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူမြို့ဟောင်းဟူသည့် တံဆိပ်တုံးအ၀ိုင်းများဖြစ်သည်။ တော်ကြို အုံကြား စိမ့်ကြီးမြိုင်ကြီးမှ သာမန်ကျောင်းငယ်ကလေးမဟုတ်ဘဲ၊ ရုံးပုံစံ အဖွဲ့အစည်းပုံသဏ္ဍာန်ဖြင့် ဘေးမဲ့စွာ ရပ်တည်နေသည့် ကျောင်းဖြစ်သည်။
အရေးကိစ္စဖြစ်ပွားစဉ်အတွင်း မြိုင်ကြီးငူမှ ဆုံးရှုံးပျက်စီးခဲ့သော ကျောင်းအချို့နှင့်သိမ်တို့၏ တန်ဘိုးကို ကြေငြာရာတွင် ဘတ်ငွေ(၂၉)သိန်းတန် ကျောင်းတော်၊ ဘတ်ငွေ သုံးသိန်းကိုးသောင်းနှစ်ထောင် ကုန်ကျသည့် သာသနာ့ဝါသုဒ္ဓိ သိမ်တို့ မီးလောင်ပျက်စီးခဲ့ကြောင်း ကျောင်းနှစ်ဆောင်နှင့်သိမ်တို့၏ တန်ဘိုးစုစုပေါင်းမှာ ဘတ်ငွေ သုံးဆယ်ခြောက်သိန်းတစ်သောင်းနှစ်ထောင်(၃၆,၁,၀၀၀)ဖြစ်ပြီး မြန်မာကျပ်ငွေအားဖြင့် တစ်ကုဋ္ဋေငါးသန်းခုနှစ်သိန်းလေးထောင်သုံးရာလေးဆယ်ခုနှစ်ကျပ်(၁,၅၇,၀၄,၃၄၇ိ)ဘိုးဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။ ဤသည်မှာ မီးလောင်ပျက်စီးဆုံးရှုံးမှုတန်ဘိုးသာဖြစ်ပြီး မပျက်စီး မဆုံးရှုံးသေးသည့်တန်ဘိုးများလည်း များစွာ ရှိနေဦးမည် ဖြစ်လေသည်။

 မြိုင်ကြီးငူဆရတော်သည် မြန်မာပြည်တပြည်လုံး န၀တစစ်အုပ်စုကြောင့် ဘေးဒုက္ခဆိုက်ရောက်နေကြသည့် ဤမျှဆိုးဝါးသော ခေတ်ဆိုးခေတ်ပျက်ကြီးထဲတွင် ဤမျှ ချောင်ကျသော အနက်ရောင်နယ်မြေအတွင်း၌ ဤမျှ ခမ်းနားကြီးကျယ်စွာဖြင့် ဤမျှ ဘေးမဲ့စွာ နေထိုင်သီးတင်းသုံးနိုင်ခဲ့သည်မှာလည်း ကရင့်လူ့အဖွဲ့အစည်းအတွင်း သမိုင်းတင်သင့်လှပေသည်ဟု လေ့လာသူအချို့က ရှုမြင်ကြသည်။ မြိုင်ကြီးငူဆရာတော်နှင့်ပတ်သက်၍ မရေမရာပြောကြားသော ပါးစပ်ရာဇ၀င် များစွာရှိလေသည်။

 ရေစီးအလွန်သန်ပြီး ကျောက်ဆောင်နှင့်ဝဲဂယက်များစွာရှိသော “မသာတံခါး”ကို လှေဖြင့် တပါးတည်း ဖြတ်ကျော်သည်ဟူ၍၎င်း၊ ဈန်ရသည်ဟူ၍၎င်း၊ ကျောင်းဆောင်အတွင်း၌ တရားဘာဝနာရှုမှတ်နေစဉ်အတွင်း တပည့်ဒါယကာ ဒါယိကာမအချို့က သွားရောက်ဖူးမျှော်ရာတွင် ကိုယ်ရောင်ပျောက်သွားသည်ဟူ၍၎င်း၊ ချဲ ထီနံပါတ်များအား ဒက်ထိ မှန်ကန်စွာထိုင်းနိုင်စေရေးအတွက် အတိတ်စိမ်းများပေးတတ်သည်ဟူ၍၎င်း အလွန်ကြည်ညိုစွာ ပြေဆိုကြသူများ အများအပြားရှိလေသည်။

ထိုအရာများ မည်မျှအထိ မှန်ကန်သည်၊ မမှန်ကန်သည် ဆိုခြင်းမှာ ယုံကြည်သူတို့၏ အလုပ်သာဖြစ်သည်။ မိမိတို့၌မူ မြိုင်ကြီးငူဆရာတော်၏ တန်းခိုး အရှိန်အ၀ါကြီးမြင့်မှုကို လက်တွေ့ ထောက်ပြနိုင်သောသာဓကတခုရှိလေသည်။
၁၉၇၅ ခုနှစ်တွင် ကေအဲန်ယူက ကော်သူလေပြည်နယ်အတွင်းရှ ကရင့်သံဃာတော်များအစည်းအဝေးကို ကျင်းပခဲံသည်။ ကရင့်သံဃာ့နာယကအဖွဲ့ကို ဖွဲ့သည်။ သံဃာ့နာယကထဲတွင် မြိုင်ကြီးငူဆရာတော်ဦးသုဇနနှင့် နို့ဖြူဆရာတော်ဦးဝိဇာန(နောင်တွင်ဘုန်းကြီး ရမ်ဘိုဟု ကျော်ကြားလာသောပုဂ္ဂိုလ်)တို့ပါဝင်သည်။

ထို့နောက်တွင် အကြောင်းကိစ္စတခုဖြင့် မြိုင်ကြီးငူဆရာတော်နှင့်နို့ဖြူဆရာတော်တို့ မြို့သို့အတူကြွရာ မဆလက ဆရာတော်နှစ်ပါးစလုံးကို ထိန်းသိမ်းစစ်ဆေး မေးမြန်းသည်။ နို့ဖြူဆရာတော်မှာ မဆလ၏အကျဉ်းထောင်တွင် စံမြန်းတော်မူရသည်။ အတူပါလာကြသူငယ်ချင်းဖြစ်ပါလျှက် ဘုန်းတန်ခိုးကြီးမားသောမြိုင်ကြီးငူဆရာတော်မှာမူ လုံးဝ အနှောင်အတည်း မခံမရဘဲ လွတ်လပ်စွာ ပြန်လည်ကြွမြန်းနိုင်ခဲ့လေသည်။ သူးမွဲထာနှင့်မြိုင်ကြီးငူဆရာတော် သူးမွဲထာ(သးမွဲထ)မြစ်ဆုံ၌ စေတီတမည်မီကပင် မြိုင်ကြီးငူဆရာတော်သည် “သာခုလော်ကျိုးနှင့်မကယ်”တို့၌ စေတီများ တည်ခဲ့သည်။ သူးမွဲထာ၌ စေတီတည်ရန်အတွက်မူ ကေအဲန်ယူတို့ထိန်းချုပ်ထားသောနယ်မြေဖြစ်၍ ဗိုလ်ချုပ်ကြီးစောဘိုမြထံ ခွင့်တောင်းခဲ့ရသည်။
ဘုရားတည် ကျောင်းဆောက် သာသနာပြုလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးနှင့်မပတ်သက်ဘဲ ဘာသာရေးသက်သက်သာလျှင်ဖြစ်ကြောင်း၊ မြွက်ကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးစောဘိုမြကလည်း ကေအဲန်ယူ၏ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် မူးဝါဒအတိုင်း ခွင့်ပြုခဲ့သည်။
သို့ရာတွင် န၀တစစ်အုပ်စုတို့ အာရုံစူးစိုက်ရာဒေသဖြစ်ပြီး စစ်ပူချိန်လည်း ဖြစ်နေသောကြောင့် တောင်ကုန်းပေါ်၌ ဘုရားတည်သည့်အခါတွင် ထုံးသင်္ဃန်းကပ်လှူခြင်း မပြုပါရန် ကျောင်းများ ဇရပ်များကို သွပ်မိုးခြင်း မပြုပါရန် မအေးချမ်းသေးသောအချိန်၌ တဘက်နိုင်ငံမှ ဒါယကာ ဒါယိကာမများ လာရောက်ပူဇော်စေခြင်း မပြုပါရန် မေတ္တာရပ်ခံခဲ့သည်။

ထိုသို့ မေတ္တာရပ်ခံရခြင်းမှာ တောင်ကုန်းပေါ်ရှိ စေတီကို ထုံးသုတ်လျှင် ထိုစေတီသည် န၀တတို့က ၎င်းတို့၏ ပစ်မှတ်ကို လက်နက်ကြီးဖြင့် ချိန်ရွယ် ပစ်ခတ်နိုင်ရန်အတွက် အဝေးမှ မြင်နိုင်သော ကြားခံအမှတ်အသားတခုသဖွယ်ဖြစ်သွားပြီး ထိုစေတီကို မူတည်ကာ ရှေ့နောက် ၀ဲ ယာ ဒီဂရီများကို တွက်ဆနိုင်ကြမည် ဖြစ်သောကြောင့်ပင်။
သွပ်မိုးခြင်းမှာလည်း ထို့အတူပင်ဖြစ်လေသည်။ ထိုင်းဘက်မှ လာသော ဒါယကာ ဒါယိကမများကို လက်ခံဖိတ်ခေါ်မှု မပြုစေခြင်းမှာ ဘာသာရေးကို ခုတုံးလုပ် အသုံးချတတ်သည့် ရာဇ၀င်အထင်အရှား ရှိခဲ့သော န၀တအနေဖြင့် ထိုင်းဘက်ကမ်းမှ သာမန်အရပ်သားများနှင့် ရောနှောကာ ဥပသကာယောင်ဆောင်လျှက် စေတီကို အကြောင်းပြ ၀င်ရောက်လာရင်း နယ်မြေအခြေအနေများအား စုံစမ်းထောက်လှမ်းမှုပြုနိုင်ကြသောကြောင့် ဖြစ်သည်။

ထိုကဲ့သို့ မေတ္တာရပ်ခံကာ အကန့်အသတ်ဖြင့် ခွင့်ပြုခြင်းကို ဆရာတော်နှင့်ဘာသာဝင်များက ကြိုက်နှစ်သက်လိမ့်မည် မဟုတ်သည်ကိုလည်း ကေအဲန်ယူအဏာပိုင်များက သိထားသော်လည်း စစ်ရေးကိစ္စဖြစ်၍ အတင်းအကြပ် တားမြစ်မှုများ ဖြစ်ပေါ်လာလေသည်။ ဆရာတော်သည် တားမြစ်သည့်ကြားမှ စေတီတော်ကို ဆောက်ပြီး တပိုင်းတစနှင့် မြိုင်ကြီးငူသို့ ပြန်၍ ၀ါဆိုသည်။ စောချား(လ်)နှင့်မြိုင်ကြီးငူဆရာတော် ၀ါလ ကင်းလွတ်သည့်တိုင် သူးမွဲထာမှ စေတီကို မြိုင်ကြီးငူဆရာတော် ဆက်မတည်ဖြစ်ခဲ့ချေ။
၁၉၉၀ ပြည့်နှစ်တွင်မှ မြိုင်ကြီးငူဆရာတော်ကို သူးမွဲထာသို့ ထပ်မံ ပင့်ဖိတ်ရသည်။ မြိုင်ကြီးငူဆရာတော်အား သူးမွဲထာသို့ ကြွရန် ပင့်ဖိတ်သူမှာ ကေအဲန်ယူနိုင်ငံခြားရေးဌာန ၀န်ကြီး ဒေါက်တာ “အမ်မာတာ”ဖြစ်သည်။
 ကေအဲန်ယူတွင် သာသနာရေးဦးစီးဌာန သီးခြားမရှိသောကြောင့် ထိုကိစ္စကို နိုင်ငံခြားရေးရာဌာနမှပင် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး စောချား(လ်)၏ ပြဿနာကို ဖြေသိမ့်သည့်အနေဖြင့် မြိုင်ကြီးငူဆရာတော်အား သူးမွဲထာမှာ၌ စိတ်တိုင်းကျ စေတီတည်၊ ကျောင်းဆောက်ခွင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ ဒု- ဗိုလ်မှူးကြီး စောချား(လ်)မှာ ဗိုလ်ချုပ်ကြီး၏ ဇနီးနှင့် မောင်နှမ၀မ်းကွဲ တော်စပ်သူဖြစ်သည်။ ပြင်းထန်သော လူမျိုးရေးစိတ်ဓာတ်ရှိသည်။ ကျောင်းမနေခဲ့ဘူးချေ။

ထင်ရာမြင်ရာကို ဇွတ်လုပ်တတ်ခြင်းကြောင့် အမှားအယွင်းများစွာ ရှိခဲ့သည်။ ဗိုလ်ချုပ်ကြီးမြမှာ စောချား(လ်)ကို အတော်ပင် သံယောဇဉ်ရှိသော်လည်း အပြစ်ကျူးလွန်မှုများအတွက် စောချား(လ်)အား မကြာခဏ အချုပ်ထဲ ထည့်ခဲ့ရသည်။ ဒု-ဗိုလ်မှူးကြီးရာထူးအထိ စောချား(လ်)ရခဲ့ခြင်းမှာ သူ၏ အစွမ်းအစဖြင့်သော်၎င်း လုပ်ဖေါ်ကိုင်လက်များ၏ ထောက်ခံမှုဖြင့်သော်၎င်း ရခဲ့ခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်ကြီးမြ၏ ပုဂ္ဂိုလ်ရေး သံယောဇဉ်ကြောင့်သာ ရခဲ့ခြင်းဖြစ်သည်။

အမျိုးသားအပေါ်သစ္စာရှိစွာဖြင့် တက်ကြွစွာ ဆောင်ရွက်တတ်သော်လည်း စိတ်ထင်ရာဇွတ်လုပ်တတ်သည့် စောချား(လ်)အား ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းလာစေလိုသည့်သဘောဖြင့် ၎င်းတောင်းဆိုသော ရာထူးတာဝန်များကို ပေးအပ်ခဲ့ခြင်းလည်း ဖြစ်ဟန်ရှိသည်။

၁၉၈၂ ခုနှစ် မဆလ၏ တပ်မ(၄၄)စစ်ကြောင်းမှူး ဗိုလ်မှူးကြီးလှမြင့် “မဲသဝေါ”၌ ရှိနေသည်။ မဲသဝေါ၏ ညာတောင်ပံကို ကာကွယ်တိုက်ခိုက်ပေးမည်ဟု ဆိုကာ နေရာယူလာခဲ့သည်။ မဲသဝေါကို တာဝန်ယူ ခုခံခဲ့သောတပ်မှူးများမှာ ဗိုလ်ခလိ၊ ဗိုလ်အေး၊ ဗိုလ်မောင်ဒူးလေး၊ ဗိုလ်ထဲနာတို့ ဖြစ်သည်။

 မဲသဝေါကို ရန်သူထိုးစဉ် ရဲဘော်အကျအဆုံးရှိသည့်အတွက် ရန်သူပြန်ဆုတ်သွားပြီးနောက် မဲသဝေါ ထိုင်းဘက်ကမ်းတွင် ဘုရားရှိခိုးဆုတောင်းပွဲလုပ်ရန် ခေါ်ယူသည်။ ဘုရားမရှိခိုးမီ (၂)ရက်အလိုပင်တွင် ဗိုလ်ထဲနာ ဂိတ်မှူး၊ ဗိုလ်ခလိ လုံခြုံရေးမှူး စသည့်ဖြင့် မဲသဝေါတာဝန်ခံများကို ဖွဲ့စည်းသည်။ ထိုင်းဘက်ကမ်းတွင် ယိုးဒယားကဇာတ်အဖွဲ့ကို ခေါ်ယူကာ ပွဲခံ ကျင်းပသည်။ ဗိုလ်အေးဦးနှင့် စောချား(လ်)မသင့်မတင့် ဖြစ်ကြသည်။

 နောက်တနေ့ ဘုရားရှိခိုးရာတွင် စောချား(လ်)က စင်ပေါ်တက်ပြီး မိမိအား မဲသဝေါတာဝန်ခံအဖြစ် ပေးအပ်လျှင် အသက်ပေး ကာကွယ်မည်ဖြစ်ကြောင်း ပြောကာ မဲသဝေါကို တာဝန်ခံခွင့်တောင်းသည်။ ၎င်း၏အမည်ကိုလည်း “လေးဂေါ”ဟု ပြောင်းလိုက်သည်။
 မဲသဝေါတာဝန်ခံများကို ခန့်ထားစဉ်က ဗိုလ်ချုပ်လှထူး၊ ဒုဗိုလ်ချုပ်တာမလာဘော၊ ဗိုလ်မှူးကြီးကစယ်ဒိုနှင့် ဗိုလ်ချုပ်သန်းအောင်(ဒု-ဥက္ကဌ)တို့ကိုယ်တိုင် ပါဝင်ဆုံးဖြတ်ခဲ့ကြသည်။

ဗိုလ်ချုပ်မြက ထိုဆုံးဖြတ်ချက်ကို ပြင်ပြီး စောချား(လ်)အား ဒု-ခွဲမှူး၊ ဒု-ဂိတ်တာဝန်ခံ ခန့်ပါဟု ဆိုသဖြင့် ပဒိုဘောယူဖေါက ဗိုလ်ခလိအား ကာကွယ်ရေးဌာနသို့၎င်း၊ ဗိုလ်အေးဦးအား မော်ဖိုးကေအသံလွှင့်ရုံ လုံခြုံရေးမှူးအဖြစ်၎င်း ပြောင်းရွှေံခဲ့သည်။ ဗိုလ်ထဲနာမှာမူ ရွေးကောက်ထားသည့်အတိုင်း ဂိတ်မှူးတပ်ခွဲမှူးဖြစ်၍ စောချား(လ်)မှာ ဒု-ဂိတ်မှူး၊ ဒုခွဲမှူး ဖြစ်လာသည်။

၁၉၈၄ ခုနှစ်တွင် မဲသဝေါကျပြီးနောက် မော်ဖိုးကေသို့ တပ်ခွဲ(၃)ခွဲအင်အားဖြည့်ရာ ဗိုလ်ထဲနာ၊(၁)ခွဲ၊ ဗိုလ်စောချား(လ်)(၁)ခွဲကျော်နှင့် ဗိုလ်မောင်ဒူးလေး၊ ဗိုလ်အေးဦးတို့ တပ်ခွဲများမှ တပ်စုများ၊ လက်နက်ကြီးတပ်ခွဲများ၊ ရခိုင်၊ မွန်၊ ၀ နှင့် မူဆလင်တို့ပါ ပါဝင်သွားကြသည်။

၁၉၈၉ ခုနှစ်တွင် မော်ဖိုးကေကျပြီး ဗိုလ်ထဲမာနှင့်ဗိုလ်စောလချား(လ်)တို့ ရှေ့တန်းပြန်ရောက်သည်။ ထွီးဖါးဝီကျိုးတိုက်ပွဲမတိုင်မီတွင်ပင် စောချား(လ်)တပ်ခွဲမှူးဖြစ်လာခဲ့သည်။
ဗိုလ်ထဲနာက ကာကွယ်ရေးမှူးဖြစ်သွားသည်။ တပ်ခွဲ(၂)ကို စောချား(လ်)ပြန်ကိုင်သည်။
၎င်းရှေ့တန်း၌နေစဉ် ဆင်ကိစ္စအရှုပ်အရှင်း၊ လူသတ်မှု၊ မုဒိန်းမှုနှင့် ကျေးရွာများကို အဆမတန် အခွန်ကောက်ခြင်း များ ပြုလုပ်ခဲ့သည်။ တချို့ရွာများကို တစ်သိန်း၊ နှစ်သိန်းအထိ အခွန်ကောက်ယူခဲ့ကြောင်း သိရသည်။

တပ်ခွဲမှူးဘ၀ဖြင့် လှိုင်းဘွဲမြို့နယ်တွင်ရှိနေစဉ် လှိုင်းဘွဲမြို့နယ်ကော်မတီနှင့်ပြဿနာတက်သောကြောင့် ဗဟိုမှ ပြန်ခေါ်ကာ ထိန်းသိမ်းထားရသည်။ စောချား(လ်)လှိုင်းဘွဲမြို့နယ်အတွင်း ဤကဲ့သို့မဆင်မခြင် လုပ်မှုများကို မြိုင်ကြီးငူဆရာတော်က မနှစ်သက်ချေ။

 မြိုင်ကြီးငူဆရာတော်နှင့် စောချား(လ်)တိုက်ရိုက် ပတ်သက်ခြင်းမရှိသော်လည်း စောချား(လ်)၏အပြစ်မှာ ကေအဲန်ယူ၏အပြစ်လိုဖြစ်နေသည့်အတွက် ထိုအပြစ်တို့ကို ကျေအေးခွင့်လွှတ်စေရန် နှစ်သိမ့်သည့်အနေဖြင့် မြိုင်ကြီးငူဆရာတော်အား သူးမွဲထာ၌ ဘုရားတည် ကျောင်းဆောက်ခွင့်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၁၉၉၂ ခုနှစ် ထွီးဖါးဝီကျိုးတိုက်ပွဲဖြစ်ပြီးနောက်တွင် စောချား(လ်)လှိုင်းဘွဲမြို့နယ်ဥက္ကဌ ဖြစ်လာသည်။ မြို့နယ်ကော်မတီမှာ ညံ့ဖျင်းသည့်အတွက် ရန်သူဝင်ရောက်လာရကြောင်း၊ ထို့ကြောင့် ၎င်းကိုယ်တိုင် မြို့နယ်ကို ကိုင်လိုကြောင်းပြောသဖြင့် ဗိုလ်ချုပ်ကြီးမြက စောချား(လ်)ကို မြို့နယ်ဥက္ကဌ ခန့်လိုက်ခြင်းဖြစ်သည်။

 မြို့နယ်ဥက္ကဌအဖြစ် တာဝန်ယူရသည့်အခါတွင် ကရင်အမျိုးသားကို ကာကွယ်ဘို့ရန်အတွက် ကရင်တိုင်းတွင် တာဝန်ရှိကြောင်း သဘောပေါက် နားလည်အောင် စည်းရုံးပြောဆိုခြင်းမပြုဘဲ၊ ရွာသားများအား အတင်းအဓမ္မ တပ်ထဲသို့ ၀င်ခိုင်းသည်။

ထို့ကြောင့် ရွာသားအတော်များများက ထွက်ပြေးပြီး မြိုင်ကြီးငူဆရာတော်ထံ ခိုလှုံသွားကြသည်။
ရွာသားများရှိရာ ဘုန်းတော်ကြီးကျောင်းသုံးကျောင်းကို သွားပြီး ဖမ်းဆီးမှုများ လုပ်သည်။
န၀တတို့၏ အမူအကျင့်အတိုင်း လုပ်နေသောကြောင့် ဗဟိုလ်မှ ပြန်လည်ခေါ်ယူ ထိန်းသိမ်းထားရသည်။
 မြို့နယ်တွင်သာမဟုတ် ဗဟိုလ်ရှိ ဗုဒ္ဓဘာသာဝင် ရဲဘော်များကိုလည်း အနိုင်ကျင့်တတ်သည်ဟု သိရသည်။
 မြိုင်ကြီးငူဆရာတော်နှင်မူ တိုက်ရိုက်ပတ်သက်မှု မရှိချေ။

(ယခု အချိန်တွင် လှိုင်းဘွဲမြို့နယ်ဥက္ကဌ၊ ဒု-ဗိုလ်မှူးကြီးစောချား(လ်)နှင့်ကေအဲန်လဲလ်အေဗဟိုလ်လုံခြုံရေးကွန်မန်ဒိုတပ်မှူး ဗိုလ်မှူးစောဝေါလ်တယ်တို့အား ရာထူးမှ၎င်း၊ အစည်းအရုံးမှ၎င်း ထုတ်ပယ် ပစ်လိုက်ပြီးဖြစ်ကြောင်း ကြားသိရလေသည်)။

မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း
 ဖြစ်ရပ်မှန်အပိုင်း(၃)ကို ဆက်လက်ဖေါ်ပြပါမည်

 Copy from
http://parsithan.blogspot.com/2012/06/blog-post_9906.html

No comments :

Post a Comment

 
ယသန့အဂၯတဖဢ္ : ဖံဖံအဲမဢ္မုဢ္ရံး | ကညီအဲးထံဢ္ကရူဿ္ |
ပွာ္ယဲၯသန့တဘ့ဢ္အံၯဘဢ္တဿ္ဒုးအိဢ္ထီဢ္အီၯလဿ စီၯကြဲၯကညီ ဖဲ ၁၂-၀၈-၂၀၁၀- All Rights Reserved
Karen Font: Zwekabin Font
ကုၯဒ့ဖ်းခိဢ္လီအဖိမုဢ္: နီဿ္မုဿ္ယဲၯဖဲ