ကရင်အမျိုးသားတော်လှန်ရေးမှာ အဖိုး လေးစားတဲ့ ခေါင်းဆောင်ကြီး ၂ ဦး ရှိတယ်။ အဲဒါက ဥက္ကဋ္ဌကြီး စောဘဦးကြီးနဲ့ ဥက္ကဋ္ဌကြီး မန်းဘဇန် ပဲ။ စောဘဦးကြီးလို ခေါင်းဆောင်မျိုးက အခုလည်း ရှာမတွေ့ဘူး။ နောက်လည်း ရှာလို့တွေ့မှာ မ ဟုတ်ဘူး။ သူက ဝတ်လုံတော်ဘွဲ့ရ သူဋ္ဌေးသား။ ဒါပေမယ့် စိတ်ထားနှိမ့်ချတယ်။ သူ့ရဲ့အတွေးအခေါ် အယူအဆ၊ သူ့ရဲ့ခံယူချက်က မဟာဗမာ လူမျိုးရေးဝါဒကို သူ မကြိုက်တာ အမှန်ပဲ။ လူမျိုးစုံ ချစ် ကြည် သွေးစည်းရေးဝါဒ၊ တိုင်းရင်းသားအားလုံး တန်းတူရေးဝါဒ ဒါကို
သူ သဘောကျတယ်။
နိုင်ငံရေးစကားနဲ့ ပြောမယ်ဆိုရင် တို့ကရင်အမျိုးသားတွေရဲ့ ခေါင်းဆောင်ကြီးတယောက်ဖြစ်တယ်။ လူတန်းစားအနေနဲ့ ပြောမယ်ဆိုရင် သူ့မှာ ပစ္စည်းမဲ့လူတန်းစား အတွေးအခေါ် ရှိတယ်။ ခေါင်းဆောင်တဲ့နေရာမှာ ချင့်ချင့်ချိန်ချိန်၊ စဉ်းစဉ်း စားစားနဲ့ လူတိုင်းလက်ခံနိုင်အောင်၊ တိုင်းရင်းသားတိုင်း လက်ခံနိုင်အောင် သူက လုပ်တယ်။ ဒါ သိပ်ကောင်းတဲ့ အချက် ပဲ။ သူ တောခိုလာပြီး သထုံဘက်ကိုရောက်ရော။ သထုံဘက်မှာလည်း သူ့ သူငယ်ချင်းတွေ၊ သူ့အသိမိတ်ဆွေတွေ ရှိ တာကိုး။ သူ့ကို ထမင်းဖိတ်ကျွေးတာပေါ့။ သူ့ရဲဘော်တွေကလည်း ဟင်းကောင်းစားရပြီလို့ ထင်တာပေါ့။ မနက်မိုးလင်းတော့ စောဘဦးကြီးက မသွားဘူး။
ရဲဘော်တွေထောင်းတဲ့ ငြုပ်သီးထောင်းနဲ့ပဲ သူက စားတာ။ သူ့ကြောင့် သူများဝန်ပိုမှာကို သူ စိုးရိမ်တာလည်း ဖြစ်မယ်။ ရာထူးရာခံဆိုတဲ့ ဂုဏ်ကိုပြပြီး မစားချင်တာလည်း ပါမယ်။ သူက ဟန် ကြီးပန်ကြီးလည်း မရှိဘူး။ အားလုံးနဲ့ အဆင်ပြေတယ်။
သူ ခေါင်းဆောင်ခဲ့တဲ့ကာလမှာ ကေအဲန်ယူ ခေါင်းဆောင်အတွင်းမှာ စည်းလုံးညီညွတ်မှုရှိတယ်။ သူ ဦးဆောင်ဆွေးနွေး ညှိနှိုင်းတာကို အားလုံးက လက်ခံကြတယ်။ သူက စည်းရုံးရေးလည်း ကောင်းတယ်။ တပ်ပေါင်းစုမှာလည်း ခေါင်းဆောင် လုပ်ခဲ့တယ်။ ဟိုတုန်းက ပြည်ဘက်မှာ ၃ ပါတီ ရှိတယ်လေ။ အလံဖြူ၊ အလံနီ၊ ပြည်သူ့ရဲဘော်ရှိတယ်။ အဲဒီကို သူသွားပြီး စည်းရုံးရေး လုပ်ငန်းတွေ လုပ်ခဲ့သေးတယ်။ အဲဒီ တပ်ပေါင်းစုထဲမှာ ၃ ပါတီက ဘာပြောလိုက်လဲဆိုရင် ခင်ဗျားတို့ကို ကျနော်တို့ လက်မခံနိုင်ဘူးတဲ့။ ခင်ဗျားတို့က နယ်ချဲ့နောက်လိုက်တွေ၊ နယ်ချဲ့လက်ကိုင်တုတ်တွေ၊ အဲဒီလိုပြောတာ။
ဒါပေမယ့် စောဘဦးကြီးရဲ့ အတွေးအခေါ်က လွတ်လပ်တယ်။ သူက ဘယ်သူ့လက်အောက်မှ မခံဘူး။ သူ့မှာ ထက်မြက် တဲ့ အတွေးအခေါ်နဲ့ ဉာဏ်ရည်ရှိတယ်။ ဒါကြောင့်လည်း အဖိုးတို့ဒီနေ့ထိ စောဘဦးကြီးရဲ့ အတွေးအခေါ်၊ သူ့ရဲ့လမ်း ညွှန်ချက်၊ သူ့ရဲ့ မူဝါဒတွေကို ပြောပြောနေရတာပေါ့။
အခု အဖိုးတို့ လုပ်နေကြတာလည်း စောဘဦးကြီး ချမှတ်သွားတဲ့ မူတွေ၊ လမ်းညွှန်ချက်တွေပဲ။ စောဘဦးကြီး ဥက္ကဋ္ဌဖြစ် တုန်းကဆို ဒို့ ကေအဲန်ယူအတွင်းမှာ အထူးစည်းလုံးညီညွှတ်မှု ရှိတယ်။ အမျိုးသားအတွင်းမှာလည်း စည်းလုံးညီညွတ်မှုရှိ တယ်။ အခြားလူမျိုးတွေနဲ့လည်း
စည်းလုံးညီညွတ်မှုရှိတယ်။ စောဘဦးကြီးရဲ့အတွေးအခေါ်တွေ၊ စောဘဦးကြီးရဲ့ မူဝါဒ လမ်းစဉ်တွေကို အဖိုးက နမူနာယူတယ်။ ကေအဲန်ယူထဲမှာ ဒီလိုအတွေးအခေါ်နဲ့ ခံယူချက်ရှိတဲ့ နောက်တယောက်က ဥက္ကဋ္ဌကြီး မန်းဘဇန်ပဲ။ ဒီခေါင်းဆောင် နှစ် ယောက်ကို အဖိုးက လေးစားတယ်။ အသိအမှတ်ပြုတယ်။ သူတို့က တော်တယ်။ ထက်မြက်တယ်။ နည်းမှန်လမ်းမှန်နဲ့ မူဝါဒလမ်းစဉ်နဲ့ လုပ်ငန်းစဉ်အတိုင်းကို လုပ်သွားကြတယ်။ မသိဘူးဆိုရင် သွား မေး၊ သိအောင် ရှင်းပြတယ်။ နားလည် အောင် ပြောပြတယ်။ ဒီခေါင်းဆောင်ကြီးနှစ်ယောက်က ဖြောင့်မတ်တယ်။ အထူးသဖြင့်တော့ စောဘဦးကြီး ကျဆုံးပြီးနောက်ပိုင်းမှာ သိပ်မကြာဘူး။ မုဆိုးကော်ကဆာ ရန်သူနဲ့ ပေါင်းသွားတယ်။
ဥက္ကဋ္ဌကြီး မန်းဘဇန် ပြန်တက်လာတယ်။ နောက်တော့ ၁၉၇၄ ခုနှစ် ကေအဲန်ယူ နှစ်ခြမ်းကွဲတယ်။ တဖက်မှာဆိုရင် ဗိုလ် ချုပ်ကျော်မြသန်း (ခေါ်) ကော်ထူးနဲ့ ဗိုလ်ချုပ်မြမောင်။ သူတို့က ဗိုလ်ချုပ်မြနဲ့ မတည့်ဘူး။ ဗိုလ်ချုပ်မြက ဒီခေါင်းဆောင်တွေကို ကွန်မြူနစ်လို့ စွပ်စွဲတယ်။ ဒီခေါင်းဆောင်တွေက ဘယ်လိုကွန်မြူနစ်ဖြစ်မလဲ။ ကွန်မြူနစ်ဆိုရင် အရှေ့မြောက်ပိုင်းသွားပြီပေါ့။ သူတို့က မျိုးချစ် ကရင်ပဲ။ အမျိုးသားရေး စိတ်ဓာတ်ပဲရှိတာ။ ဒါနဲ့ တို့အထဲမှာ ညှိကြ၊ နှိုင်းကြ၊ လုပ်ကြရတာပေါ့။ စောဘဦးကြီး ချမှတ်သွား တဲ့ လမ်းစဉ်ရှိတာပဲ။ ၁၉၇၄ ခုနှစ်မှာ မန်းဘဇန်ရောက်သွားတော့ ညီလာခံ ထိုင်ကြတယ်။ အရှေ့တိုင်းမှာပဲ။ ညီလာခံဆုံး ဖြတ်ချက်ကို ဗိုလ်ချုပ်မြမောင်ဆီ ပို့လိုက်တယ်။ အဲဒီအချိန်က အဖိုးက ရှေ့တန်းမှာ။ ဗိုလ်ချုပ်မြမောင်က အဖိုးကို ကြေး နန်းနဲ့ ပြန်လာဦးလို့ လှမ်းမှာတယ်။ အခြေအနေအားလုံးကိုတော့ အဖိုးက ဗိုလ်ချုပ်မြမောင်ဆီကတဆင့် သိရတာပေါ့။ ဗိုလ်ချုပ်မြမောင်က အဖိုးကို ပြောတယ်။ “မင်းတို့တွေ တခါတခါ ငါ အတော်အသဲယားတယ်ကွ” “ဘာဖြစ်လို့လဲ။ ကျနော် ဘာလုပ်လို့လဲ။ ဘာအမှားရှိလို့လဲ” “မင်းကတော့ မမှားဘူး။ မင်း လုပ်ပုံကိုင်ပုံတွေက ငါ တခါတခါ အတော်အသဲယားတယ်။ ပြောရမယ်ဆို စားရမှာလည်း သဲတရှပ်ရှပ်နဲ့၊ ပစ်ရမှာလည်း ဆီတဝင်းဝင်းနဲ့ကွ။ မင်းကို ငါ ဘယ်လိုမှ မလုပ်တတ်ဘူး။
အရှေ့တိုင်းကိုရောက်တော့ ငါ့ လူထဲမှာ မင်းတယောက်တည်းပဲကျန်တာ။ တယောက်မှ အသုံးမကျဘူး။ တော်ကြာ လက်နက်ချလိုက်၊ တော်ကြာ တိုက် ပွဲမှာ ကျသွားလိုက်နဲ့။ တို့မှာ အလုပ်တွေ အများကြီးလုပ်ရဦးမှာ။ မင်း ဆက်လုပ်” လို့ သူက အဖိုးကို ဒီလိုပြောတာ။
၁၉၇၅ ခုနှစ်မှာ အဖိုး အရှေ့တိုင်းကို ရောက်လာခဲ့တယ်။ မာနယ်ပလောပေါ့။ ဗိုလ်ချုပ်မြမောင်နဲ့ မန်းဘဇန် သူတို့တပည့် တွေက ရုံးအောက်ကိုဆင်းပြီး လာကြိုကြတာပေါ့။ အဖိုးက သာယာဝတီ ပုလိပ်ရုံးကို သွားတိုက်တုန်းက ရထားတဲ့ ကာ ကီရောင်ဘောင်းဘီကြီးကို ဝတ်လို့။ ဒါပဲ ရှိတာကိုး။ မန်းဘဇန်က ထွက်လာပြီးတော့ ဗိုလ်ကျော်သောင်း ဆိုပြီးတော့ မျက် ရည်တွေကျတာ သူများတွေ ဝိုင်းကြည့်ကြတယ်။ အဖိုးလည်း မျက်ရည်ကျတာပေါ့။ ကိုယ့်ဆရာသမား၊ ကိုယ့်မိဘလိုနေတာကိုး။
ဒီခေါင်းဆောင်ကြီးနှစ်ယောက်ကိုတော့ အဖိုး အထူးလေးစားတယ်။ အသိအမှတ်ပြုတယ်။ သူတို့ရဲ့ စွန့်လွှတ်မှု၊ ပေးဆပ်မှုနဲ့ သူတို့ဘဝ ဖြတ်သန်းမှုတွေကို ဂုဏ် လည်းယူတယ်။ ဒီကနေ့ ကရင်လူငယ်တွေကိုလည်း ဒီလို မျိုးချစ်ခေါင်းဆောင်ကြီးတွေရဲ့ စွန့်လွှတ်ပေးဆပ်မှု၊ အနစ်နာခံ မှုတွေကို ဂုဏ်ယူစေချင်တယ်။
http://oothandar.blogspot.com မှ ကူးယူတင်ဆက်သည်

No comments :
Post a Comment